ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး စတုတ္ထနေ့ ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး စတုတ္ထနေ့ ကျင်းပ

Mon, 07/16/2018 - 11:55
Posted in:
0 comments

 နေပြည်တော် ဇူလိုင် ၁၄

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး စတုတ္ထနေ့ အစုအဖွဲ့အလိုက် အစည်းအဝေးများကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

အစိုးရအစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အမှာစကား ပြောကြားသည်။

ယင်းနောက် တတိယနေ့ အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍတို့၏ သဘောထား စုစည်းချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် အစုအဖွဲ့ဝင်များက ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ကဏ္ဍအလိုက် မူဝါဒ အဆိုပြုလွှာများနှင့် စပ်လျဉ်း၍ အစုအဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။

လွှတ်တော်အစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အဖွဲ့ဝင် ဦးခွန်မောင်သောင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကဏ္ဍအလိုက် မူဝါဒ အဆိုပြုလွှာများနှင့် စပ်လျဉ်း၍ အစုအဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။

တပ်မတော်အစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးများအဖွဲ့ အဖွဲ့ဝင် ဗိုလ်ချုပ်စိုးနိုင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် အစည်းအဝေး တတိယနေ့တွင် ဆွေးနွေးခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတို့၏ သဘောထား စုစည်းချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် အစုအဖွဲ့ဝင်များက ရှင်းလင်း တင်ပြကြသည်။

အဆိုပါ အစုအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်ကြသူများ က ဝိုင်းဝန်းအကြံပြု ဆွေးနွေး အတည်ပြုကြသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများအတွင်း ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း၊ ကဏ္ဍအလိုက် ရရှိခဲ့သည့် အခြေခံမူများကို ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် အစည်းအဝေး တတိယနေ့တွင် ဆွေးနွေးခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတို့၏ အစည်းအဝေး သဘောထား စုစည်းချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် အစုအဖွဲ့ဝင်များက ရှင်းလင်း တင်ပြကြသည်။

အဆိုပါ အစုအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး အတည်ပြုကြသည်။

နိုင်ငံရေးပါတီအစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းကျော်ညွှန့်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် အစည်းအဝေး တတိယနေ့တွင် ဆွေးနွေးခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတို့၏ အစည်းအဝေးသဘောထား စုစည်းချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် အစုအဖွဲ့ဝင်များက ရှင်းလင်း တင်ပြကြသည်။

အဆိုပါ အစုအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး အတည်ပြုကြသည်။

နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာနှင့်စပ်လျဉ်း၍ ကျား/မ ဆိုင်ရာ တန်းတူ ညီမျှမှုကဏ္ဍတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒချမှတ်ရမည်ဟု UPDJC ၏ သဘောတူညီ ချက်အဖြစ် အဆိုပြုထားရာ ယင်းကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒ ချမှတ်ရမည် ဟု တပ်မတော် အစုအဖွဲ့က အဆိုပြုထားကြောင်း။

ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတွင် ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရန် ဟု UPDJC ၏ သဘောတူညီချက်အဖြစ် အဆိုပြုထားရာ ယင်းကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှုများအား ကာကွယ် နိုင်သည့် မူဝါဒများကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရန် ဟု တပ်မတော်အစုအဖွဲ့က အဆိုပြုထားကြောင်း သိရသည်။

စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသည် မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ အများပြည်သူ အကျိုးစီးပွားများ အတွက် ဦးစားပေး အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး မူဝါဒနှင့် စီမံကိန်းများကို ရေးဆွဲချမှတ် ဖော်ဆောင်ခွင့်ရှိရမည်။ ထိုသို့ရေးဆွဲရာတွင် ပြည်ထောင်စု စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး မူဝါဒနှင့် စီမံကိန်းများကို သဟဇာတဖြစ်စေရေးနှင့် ဆက်စပ်သော အခြား တိုင်းဒေသကြီး/ပြည်နယ်များ၏ အကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေး ထည့်သွင်း စဉ်းစား ရန် ဟု သဘောတူထားကြောင်း သိရသည်။

လူမှုရေးဆိုင်ရာ မူဝါဒအဆိုပြုလွှာနှင့် စပ်လျဉ်း၍ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းနှင့် အကောင်အထည်ဖော်မှု အဆင့်တိုင်းတွင် အမျိုးသမီးများ (၃၀) ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သော အားလုံးအကျုံးဝင် ပညာရေးစနစ် ဖော်ဆောင်ရန်၊ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage) စနစ်ကို ဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ အပါအဝင် အမျိုးသမီးများ ဆိုင်ရာ အခွင့်အရေးများ အတွက် ဥပဒေများ ပြဋ္ဌာန်းပေးရန်၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လူမှုသဟဇာတ (Social Cohesion) သဘောတရားများကို ကျယ်ကျယ် ပြန့်ပြန့် ထည့်သွင်း စဉ်းစားဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အလွဲသုံးမှု ဆိုင်ရာ အန္တရာယ်လျော့ချရေး(Harm Reduction)၊ ကုသရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ထိရောက်စွာ စီမံဆောင်ရွက်ရန်၊ ကလေးသူငယ် အခွင့်အရေး ရရှိရန်နှင့် ကလေး သူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေးသူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှု ၆ ချက် (Six Grave Violations) ပပျောက်ရေးကို ဦးတည်၍ စီမံချက်ချမှတ် ဆောင်ရွက်ရန် ဟု သဘောတူ အဆိုပြုထားကြောင်း သိရသည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာနှင့်စပ်လျဉ်း၍ အကာ အကွယ်ပြုရေးဆိုင်ရာ အစီအမံများကဏ္ဍတွင် နိုင်ငံတွင်းရှိ မြေယာများအား နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင်နေထိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရ ဟု UPDJC ၏ သဘောတူညီချက်အဖြစ် အဆိုပြုထားရာ ယင်းကို နိုင်ငံတွင်းရှိ မြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင်နေထိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရ ဟု အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များက သဘောတူအဆိုပြုထားကြောင်း။

မြေယာကိုအသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ ကျန်းမာ ရေးဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည် ဟု UPDJC ၏ သဘောတူညီချက်အဖြစ် အဆိုပြုထားရာ ယင်းကို မြေယာကို အသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ ကျန်းမာ ရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည် ဟု အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့တို့က သဘောတူအဆိုပြုထားကြောင်း သိရသည်။

ယနေ့ကျင်းပသည့် စတုတ္ထနေ့ အစည်းအဝေးတွင် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကို အထက်ဖော်ပြပါ အချက်များနှင့် သဘောထားကွဲလွဲမှုရှိသည့် အချက်များကို သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ညှိနှိုင်းဆွေးနွေးအတည်ပြုကြကြောင်း သိရသည်။

(သတင်းစဉ်)

Related Articles