BETA : Zawgyi | English

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် ကဏ္ဍလေးခုမှ အချက်ပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုးနိုင်မည်ဖြစ်၍ ပြည်ထောင်စုသဘောတူစာချုပ်တွင် အချက်ပေါင်း ၅၁ ချက် ထည့်သွင်းချုပ်ဆိုနိုင်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် ကဏ္ဍလေးခုမှ အချက်ပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုးနိုင်မည်ဖြစ်၍ ပြည်ထောင်စုသဘောတူစာချုပ်တွင် အချက်ပေါင်း ၅၁ ချက် ထည့်သွင်းချုပ်ဆိုနိုင်မည်

Mon, 07/16/2018 - 12:27
Posted in:
0 comments

နေပြည်တော် ဇူလိုင် ၁၅

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က တင်သွင်းခဲ့သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍတို့မှ အချက်ပေါင်း ၁၄ ချက်ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ ငါးဖွဲ့က ဆက်လက်ဆွေးနွေး ခဲ့ရာ ၁၄ ချက်လုံး သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ညီလာခံ ပဉ္စမနေ့အပြီး ယနေ့ည ၈ နာရီ ၁ဝ မိနစ်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ကျင်းပ ခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် စိုင်းကျော်ညွန့်တို့က ရှင်းလင်းကြသည်။

သဘောတူညီနိုင်ခဲ့
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုးနိုင်ရန် တင်သွင်းသည် ကဏ္ဍလေးခု၏ အချက် ၁၄ ချက်တွင် နိုင်ငံရေးကဏ္ဍတွင်ပါရှိသည့် စကားလုံးအချို့ကို ပြင်ဆင်ခဲ့ရပြီး ဝိဝါဒကွဲပြားမှုများရှိခဲ့သော်လည်း နောက်ဆုံးတွင် သဘောတူညီနိုင်ခဲ့ကြကြောင်း သိရသည်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ''ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု၏ လို့ သုံးခဲ့တယ်။ အဲ့ဒီမှာ နာမဝိသေသန လိုအပ်တယ်။ တပ်မတော်ဘက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်လို့ အဆိုပြုခဲ့တယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ညှိနှိုင်းပြီးတော့ NCA စာချုပ်မှာပါတဲ့အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်လို့ ထည့်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ အဆင်ပြေသွားပါတယ်'' ဟု ပြောသည်။
ညီလာခံတွင် ထုတ်ပြန်မည့် ထုတ်ပြန်ချက်တွင် ၂ဝ၁၈ ခုနှစ်တွင် ညီလာခံတစ်ကြိမ်၊ ၂ဝ၁၉ ခုနှစ်တွင် နှစ်ကြိမ် ကျင်းပမည်ဟု တင်သွင်းထားသော်လည်း လိုအပ်ပါက ၂ဝ၂ဝ တွင် ညီလာခံထပ်မံကျင်းပမည်ဟု သဘောတူညီထားကြောင်း သိရသည်။

အဓိကကျသည့် တန်းတူညီမျှရေး
''ညီလာခံသုံးခုမှာ အခြေခံမူတွေရမယ်ဆိုရင် ၂ဝ၂ဝ မှာ ညီလာခံလုပ်ဖို့ မလိုတော့ ဘူးဆိုတဲ့သဘောဖြစ်ပြီး သဘောမတူနိုင်သေးဘူးဆိုရင် ဆက်လက်လုပ်မယ်လို့ ညီလာခံကိုတင်သွင်းဖို့ သဘောတူပါတယ်'' ဟု ဒေါက်တာလျန်မှုန်းက ပြောသည်။
ဖက်ဒရယ်အခြေခံမူများအတွက် အဓိကကျသည့် တန်းတူညီမျှရေး၊ ပြည်ထောင်စု က ခွဲမထွက်ရေး စသည့်အချက်များကို ညီလာခံအပြီးတွင် ပြန်လည်သုံးသပ်၍ ဆောင်ရွက်မည်ဖြစ်ပြီး လာမည့်ငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးနိုင်ရန် လမ်းစ ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဦးလှမောင်ရွှေက ''အရေးကြီးတာက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ယုံကြည်မှု တည်ဆောက်ဖို့ပါ။ မနက်ဖြန်ညီလာခံပြီးတာနဲ့ အစိုးရဘက်က ပြင်ဆင်မှုတွေ လုပ်ပါမယ်။ သက်ဆိုင်တဲ့ အစုအဖွဲ့တွေက ပြန်လည်သုံးသပ်မှုတွေ လုပ်မယ်။ ပြီးရင် ပြန်လည်စုပေါင်းလုပ်မယ်။ စက်တင်ဘာလဆန်းလောက်မှာ နိုင်ငံရေး မူဘောင်ပြင်တာ တွေ သုံးသပ်တာတွေလုပ်မယ်။ သေချာတာကတော့ ဒီနှစ်မကုန်ခင်မှာ ညီလာခံထပ်မံ ကျင်းပဖို့ ပြင်ဆင်နေပါပြီ'' ဟု ပြောသည်။
ဦးဇော်ဌေးက ''NCAကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်ကို အားလုံးက အထိအခိုက်မခံနိုင်ပါဘူး။ ယုံကြည်မှုတည်ဆောက်ရမှာ အားလုံးသိတယ်။ နိုင်ငံရေး ဆွေးနွေးမှုဆိုတဲ့အတိုင်း အလျှော့အတင်းနဲ့ ဆိုတော့ အောင်မြင်ပါတယ်။ နောက်လာ မယ့် ညီလာခံမှာ ဒီထက်ပိုမို ထိရောက်ကောင်းမွန်တဲ့ ရလဒ်တွေရမယ်လို့ ယုံကြည်ပါ တယ်'' ဟု ပြောသည်။

ထိပ်သီးအချင်းချင်းတွေ့ဆုံ
ဒေါက်တာလျန်မှုန်းဆာခေါင်းက ''ကျွန်တော်တို့ UPDJCအတွင်းရေးမှူးအဖွဲ့ လုပ်ငန်းကော်မတီက နည်းပညာအရ စိတ်ရှည်လက်ရှည် အဖြေရှာမှာဖြစ်သလို ထိပ်သီး အချင်းချင်းလည်းတွေ့ဆုံပြီး အဖြေရှာဖို့ ကြိုးစားနေပါတယ်'' ဟု ပြောသည်။
မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့ ယခု ညီလာခံသို့ တက်ရောက်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အားလုံးပါဝင်ရန် ပိုမိုကောင်းမွန်သည့် ရလဒ်တစ်ခု ဖြစ်လာနေပြီး အဆိုပါအဖွဲ့များအား ယခုလာမည့် ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲက သိရသည်။
လက်မှတ်မထိုးထားသည့်အဖွဲ့များ ပါဝင်လာရေးအတွက် ဦးဇော်ဌေးက ''လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေ ဒီညီလာခံကိုလာတယ်။ လာတဲ့အပေါ်မှာ ဒီညီလာခံက ထူးခြားတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အခြားအဖွဲ့ တွေ့လည်းတွေ့တယ်။ အရင်က မြောက်ပိုင်းသုံးဖွဲ့ AA၊ TNLA ၊ MNDAA ကို NCA ထိုးဖို့ မပြောခဲ့ဘူး။ အခုပြောလိုက်ပြီ။ ''ဝ'' ကြေညာချက်မှာပါတဲ့အတိုင်း ဒီသုံးဖွဲ့ကို NCAထိုးဖို့ တိုက်တွန်းပါဆိုတာပါတယ်။ သူတို့ သယ်ဆောင်သွားတဲ့ အထဲ မှာ စဉ်းစားစရာအများကြီး ပါပါမယ်။ ကျွန်တော်တို့အနေနဲ့ ဒီညီလာခံပြီးတာနဲ့ မြောက်ပိုင်း ၇ ဖွဲ့ကို တွေ့ဖို့ ရက်ပိုင်းအတွင်းမှာစမယ်။ အားရကျေနပ်မှုရှိတယ်'' ဟု ပြောသည်။
နိုင်ငံရေးကဏ္ဍ ၄ ချက်၊ စီးပွားရေးကဏ္ဍ ၁ ချက်၊ လူမှုရေးကဏ္ဍ ၇ ချက်၊ မြေယာ နှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍ ၂ ချက် စုစုပေါင်း ၁၄ ချက်ကို ညီလာခံ၏ နောက်ဆုံး နေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုး မည်ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်း အဝေးတွင် ကဏ္ဍလေးခုမှ အချက်ပေါင်း ၃၇ ချက်သဘောတူခဲ့ပြီး ယခုညီလာခံတွင် ၁၄ ချက်ကို သဘောတူနိုင်မည်ဖြစ်၍ ပြည်ထောင်စုသဘောတူစာချုပ်တွင် အချက် ပေါင်း ၅၁ ချက်ကို ထည့်သွင်း လက်မှတ်ရေးထိုးနိုင်တော့မည် ဖြစ်သည်။

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ ဖိုးထောင်

Related Articles