ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည်သုံးသပ် ခြင်းနှင့်ကြိုတင်ပြင်ဆင်ခြင်း စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည်သုံးသပ် ခြင်းနှင့်ကြိုတင်ပြင်ဆင်ခြင်း စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

Tue, 08/28/2018 - 09:27
Posted in:
0 comments

နေပြည်တော် သြဂုတ် ၂၈

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နှင့်ကြိုတင်ပြင်ဆင်ခြင်းစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ လွှတ်တော်အစုအဖွဲ့ ညီလာခံကိုယ်စားလှယ် ၁၅ ဦး၊ အစိုးရအစုအဖွဲ့ ညီလာခံကိုယ်စားလှယ် ၁၅ ဦး၊ တပ်မတော်အစုအဖွဲ့ ညီလာခံကိုယ်စားလှယ် ၁၅ ဦးနှင့် လွှတ်တော်၊ အစိုးရနှင့် တပ်မတော်အစုအဖွဲ့တို့မှ ပါဝင်သင့် ပါဝင်ထိုက်သူ ၁၈ ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေကအဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသည် ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဒုတိယအစည်းအဝေး၏ အတွေ့အကြုံများကိုအခြေခံပြီးအားသာချက်၊ အားနည်းချက်များကိုဖော်ထုတ်ကာနောက်တစ်ကြိမ် ကျင်းပမည့်တတိယအစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်သင့်သည်များကိုဆွေးနွေးကြရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် စေ့စပ်ညှိနှိုင်းဖြေရှင်းနိုင်ရန် ရည်ရွယ်ကျင်းပသည့်နိုင်ငံရေးစားပွဲဝိုင်းပင် ဖြစ်ကြောင်း၊မိမိတို့နိုင်ငံတွင်ခေတ်အဆက်ဆက် မပြီးဆုံးမချုပ်ငြိမ်းနိုင်သေးသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် နိုင်ငံရေးပြဿနာများကိုမဖြေရှင်းနိုင်သဖြင့် ယနေ့အထိ ဖြစ်ပွားနေခြင်း ဖြစ်သည် ဟုဆိုကြပါကြောင်း၊ယနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကြိုးစားလျက် ရှိပါကြောင်း၊ နိုင်ငံရေးပြဿနာများ၏ အဖြေမှာအားလုံးသဘောတူလက်ခံနိုင်သည့်ဖက်ဒရယ် စနစ် တည်ဆောက်ရေး ဖြစ်သည် ဆိုသည်ကိုယခုဆိုလျှင် အားလုံးကလက်ခံထား ကြပါကြောင်း၊ ယနေ့ခေတ် ကျင်းပနေသည့် ညီလာခံသည် အားလုံးလက်ခံနိုင်သည့်ဖက်ဒရယ်ဆိုင်ရာအခြေခံမူများကိုဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါကြောင်း၊

သို့ဖြစ်၍ နိုင်ငံရေးဆွေးနွေးပွဲများအောင်မြင်ရေးသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိုအဆုံးအဖြတ် ပေးမည် ဖြစ်သလိုအားလုံးလက်ခံနိုင်သည့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများပေါ်ထွက်လာရေးသည်မိမိ်တို့နိုင်ငံ၏ မျိုးဆက်သစ်များ၏ အနာဂတ်ကိုဖန်တီးပေးမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ၏ အရေးပါမှုသည်နိုင်ငံတော်နှင့် ပြည်သူများ၏ အနာဂတ်ကိုပုံဖော်နိုင်သည် ဖြစ်၍ ယနေ့မိမိတို့အားလုံး ကြိုးပမ်းနေခြင်း ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့်ညီလာခံဒုတိယအစည်းအဝေးတွင်ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၃၇ ချက်ကိုသဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်းဝညီလာခံကျင်းပမှုပုံစံ၊ မူဘောင်၊ လုပ်ငန်းလမ်းညွှန်များနှင့် ပတ်သက်ပြီးဝေဖန်မှုအများအပြားပေါ်ထွက်ခဲ့ပါကြောင်း၊သို့သော်လည်းဤသည်မှာမိမိတို့နိုင်ငံ၏သမိုင်းကြောင်းတွင်ပထမဆုံးသော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ဤပထမဆုံးသော နိုင်ငံရေးဆွေးနွေးပွဲမှာပင်ဖက်ဒရယ်ဆိုင်ရာအခြေခံမူများသဘောတူညီနိုင်ခဲ့သည် မှာလွယ်ကူလှသည့်လုပ်ငန်းစဉ်တော့ မဟုတ်ပါကြောင်း၊ အရေးကြီးသည့်ပထမဦးဆုံးခြေလှမ်းတစ်လှမ်းဖြစ်သည်ကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊

ယခုကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသည်စတင်ခဲ့သည့်ခြေတစ်လှမ်း၏နောက်တွင် နောက်ထပ် ခြေလှမ်းများကိုမိမိတို့ မည်သို့ ဆက်ပြီးလှမ်းကြမည်လဲ၊ ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ခရီးကိုမည်သို့သောခံယူချက်နှင့်လျှောက်လှမ်းကြမည်လဲဆိုသည်များအတွက် ကြိုတင်ပြင်ဆင်ကြသည့်ဆွေးနွေးပွဲပဲ ဖြစ်ပါကြောင်း၊

မိမိတို့အစိုးရအစုအဖွဲ့တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ဟူ၍သုံးဖွဲ့ ပါဝင်နေပါကြောင်း၊ အရေးကြီးသည့် မူဝါဒပိုင်းများတွင်ခေါင်းဆောင်များအပါအဝင် မိမိတို့အချင်းချင်း ကြိုတင်ဆွေးနွေး ညှိနှိုင်းပြီးဘုံရပ်တည်ချက် ရယူနိုင်ခဲ့သည့်တိုင် ညီလာခံဆွေးနွေးပွဲများရောက်သည့်အချိန်တွင်ကိုယ်စားလှယ်များ၏တစ်ဦးချင်းစဉ်းစားသုံးသပ် ဆွေးနွေးမှုများကြောင့် ဝိဝါဒကွဲလွဲမှုများဖြစ်ပေါ်လာခဲ့ခြင်းများရှိပါကြောင်း၊ အစိုးရဘက်ပဲအရင်ညှိပါဦးဟုထုတ်ဖော် ပြောကြားခဲ့ခြင်းများရှိပါကြောင်း၊ မိမိတို့ အစုအဖွဲ့ သုံးဖွဲ့ကြားတွင် ပေါင်းစပ်ညှိနှိုင်းမှုများအားဖြည့်ရန် လိုအပ်သည်မှာအမှန်ပင်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်၍ လာမည့် ညီလာခံတတိယအစည်းအဝေးမတိုင်မီမိမိတို့အချင်းချင်းကြေကြေလည်လည် ဆွေးနွေးထားရန်၊ ယခုကတည်းကဝိဝါဒကွဲပြားစရာများကို ကြိုတင် ငြင်းခုန် ဆွေးနွေးထားရန်လိုအပ်ပါကြောင်း၊သို့ဖြစ်၍ ယခုစကားဝိုင်းဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊

မိမိတို့ ညှိနှိုင်းရန်မှာနံပတ်တစ်ညီလာခံ၏ ဖွဲ့စည်းတည်ဆောက်မှုအဆင့်ဆင့် Structure အပိုင်းရှိပါကြောင်း၊နံပတ်(၂)အနေဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် Framework အပိုင်းရှိပါကြောင်း၊ နံပတ်(၃)အနေဖြင့် ပြီးခဲ့သည့် ညီလာခံတွင် သဘောတူညီချက် မရခဲ့သည့်အခြေခံမူများ၊ နောက်လာမည့် ညီလာခံတွင် ပါဝင်သင့်သည့် အခြေခံမူများအစရှိသည့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများအပိုင်းရှိပါကြောင်း၊ ဤ(၃)ပိုင်းကိုကြေကြေလည်လည် ဖြစ်အောင် ဆွေးနွေးညှိနှိုင်းထားနိုင်မှသာအစိုးရ-လွှတ်တော်-တပ်မတော် ပါဝင်သည့် အစိုးရအစုအဖွဲ့အနေဖြင့်ဘုံသဘောထားရပ်တည်ချက်ဖြင့် ရပ်တည်နိုင်မည် ဖြစ်ပါကြောင်း၊

နိဂုံးချုပ်အနေဖြင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် တစ်စုတစ်ဖွဲ့ တည်းကပဲလိုချင်သည်များရာနှုန်းပြည့် အကုန် မရတတ်ဘဲအပေး-အယူ၊ အလျှော့ အတင်းများနှင့် ညှိနှိုင်းယူမှ အောင်မြင်နိုင်မည် ဆိုသည်ကိုအလေးအနက် ပြောကြားလိုပါကြောင်း၊မိမိတို့အချင်းချင်းရရှိလာမည့် ဘုံသဘောထားများပင်လျှင် ညီလာခံရောက်လျှင် အလျှော့-အတင်းနှင့် အပေး-အယူလုပ်ရဦးမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍မိမိတို့အနေဖြင့် နိုင်ငံနဲ့ ပြည်သူကိုမျက်နှာမူသည့် နိုင်ငံရေးကို နှလုံးသွင်းကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ငြိမ်းချမ်းရေးဖြစ်စဉ်သမိုင်းအကျဉ်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံပထမ အစည်းအဝေးနှင့် ဒုတိယအစည်းအဝေးများကျင်ပခဲ့မှု၊ တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသားချက်များ၊ တတိယအစည်းအဝေးကျင်ပနိုင်ရေးအကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကစကားဝိုင်းဆွေးနွေးပွဲကျင်းပမည့် အစီအစဉ်များ၊ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ပထမအစည်းအဝေးနှင့် ဒုတိယအစည်းအဝေးများကျင်းပခဲ့မှုနှင့် တတိယအစည်းအဝေးကျင်းပ နိုင်ရန်အတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများကိုရှင်းလင်းတင်ပြပြီးဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးဖွဲ့စည်းတည်ဆောက်မှု ပြန်လည်သုံးသပ်ဆွေးနွေးခြင်း (Structure Review)ကိုအဆိုပါအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ Structure Review (UPDJC, JICM, UPC)နှင့်စပ်လျဉ်း၍ လက်ရှိ Structure၏ အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးရေနှင့် ဆုံးဖြတ်ပိုင်ခွင့်ကိစ္စရပ်များကိုလည်းကောင်း၊ ဖော်ထုတ်တွေ့ရှိချက်များအရ Structure အကြံပြုချက်များကိုလည်းကောင်းဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများကိုအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိိုဌာန(NRPC) ရှိသတ်မှတ်နေရာများ၌ သီးခြားစီကျင်းပ၍ ဒုတိယအစည်းအဝေး ပြန်လည်သုံးသပ်ခြင်း နှင့်စပ်လျဉ်း၍ အဆိုပြုချက်များစုစည်းရာတွင် တွေ့ရှိရသည့် အခက်အခဲများကိုလည်းကောင်း၊ တင်ပြမည့် အဆိုပြုချက်များဖော်ထုတ်ရာတွင်တွေ့ရှိရသည့် အခက် အခဲများကိုလည်းကောင်း၊ ကဏ္ဍအလိုက် ဆွေးဆွေးပွဲများတွင် သဘောတူညီမှုမရရှိခဲ့ သော မူဝါဒအဆိုပြုချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းတို့ကိုလည်းကောင်းဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တတိယအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်များနှင့် စပ်လျဉ်း၍ အဆိုပြုလွှာများကဏ္ဍအလိုက် စုစည်းပြုစုခြင်းဆိုင်ရာများကိုလည်းကောင်း၊ အစည်းအဝေးသို့ တင်ပြသင့်သည့် အဆိုပြုချက်များထွက်ပေါ်လာရေးဆိုင်ရာကိစ္စရပ် များကိုလည်းကောင်း၊ တတိယအစည်းအဝေးအတွက် သုံးသပ်ခြင်းနှင်စပ်လျဉ်း၍ လုပ်ငန်းကော်မတီများအလိုက် ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာ/သဘာဝပတ်ဝန်းကျင်ကဏ္ဍ နှင့် လုံခြုံရေးကဏ္ဍအလိုက် ကျင်းပခဲ့သည့် ပထမနေ့ဆွေးနွေးပွဲရရှိမှုများကို ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို NRPC အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ လွှတ်တော်အစုအဖွဲ့ညီလာခံကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့ညီလာခံကိုယ်စားလှယ်များ၊တပ်မတော် အစုအဖွဲ့ ညီလာခံကိုယ်စားလှယ်များနှင့် လွှတ်တော်၊ အစိုးရနှင့် တပ်မတော်အစုအဖွဲ့ တို့မှ ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နှင့်ကြိုတင်ပြင်ဆင်ခြင်းစကားဝိုင်းဆွေးနွေးပွဲ သြဂုတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။

Related Articles