တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့အားNCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပုံစံနှစ်မျိုးဖြင့် ချဉ်းကပ်တွေ့ဆုံမည်

တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့အားNCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပုံစံနှစ်မျိုးဖြင့် ချဉ်းကပ်တွေ့ဆုံမည်

Fri, 07/13/2018 - 10:59
Posted in:
0 comments


 

နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးနှင့်ပတ်သက်သည့် အကြောင်းအရာ များ၊ မြောက်ပိုင်းမဟာမိတ်ခုနစ်ဖွဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ဖွဲ့ခွဲ၍ တွေ့ဆုံခဲ့သည့် အကြောင်းအရာများ၊ လက်မှတ်ရေးထိုးခြင်း မပြုသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များNCA လက်မှတ်ရေးထိုးနိုင်ရေး၊ တပ်မတော်နှင့်RCSSတို့ ဖြစ်ပွားလျက်ရှိသည့် ထိတွေ့မှုများနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ယနေ့ ညနေ ၅ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ UPDJC အတွင်းရေးမှူးများက သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းသည်။

ညီလာခံဒုတိယနေ့တွင် အစိုးရအစုအဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့တို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများအတွက် သီးခြားစီ ဆွေးနွေး ခဲ့ကြပြီးNCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌက ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်နှင့်အလွတ်သဘောဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ညနေ ၃ နာရီခွဲနှင့် ၄ နာရီတို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့တို့အား နှစ်ဖွဲ့ခွဲ၍ နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဦးဇော်ဌေးက ''၃ နာရီခွဲမှာUWSA ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊SSPPက နာယက ဦးဆေးထင်၊ မိုင်းလားအထူး(၄) NDAA က ဒုတိယဥက္ကဋ္ဌ ဦးစံပေ့၊ KIO ဒုတိယဥက္ကဋ္ဌ(၁) အက်စ်ဂွမ်မော်တို့နဲ့ တွေ့တယ်၊ ၄ နာရီခွဲမှာတော့TNLAက တားခူးလန်း၊ MNDAA က ဦးရန်ဝင်ကျုံးနဲ့ AA က ဦးညိုထွန်းအောင်တို့နဲ့ တွေ့ပါ တယ်။ အဓိကအားဖြင့် ဆွေးနွေးတာကNCAရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံမှာ ပါဝင်လာရေးကို ဆွေးနွေးပါတယ်''ဟု ပြောသည်။

AA၊ MNDAA၊ TNLAသုံးဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ဆွေးနွေးစဉ်က မြောက်ပိုင်း လောက်ကိုင်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျန်ရှိနေခဲ့သူများဖြစ်သည်။

''သူတို့က NCCT နဲ့ NCAဆွေးနွေးစဉ်က မြောက်ပိုင်းလောက်ကိုင်မှာ တိုက်ပွဲတွေဖြစ်လာပြီး ကျန်ခဲ့ တဲ့သူတွေဖြစ်တယ်။ NLD အစိုးရတက်လာချိန်မှာAA ၊ MNDAAနဲ့TNLA ကို ဆွေးနွေးတယ်။ အချက်နှစ်ချက် ကြောင့် ကျန်ခဲ့တယ်။ တစ်အချက်က ကြေညာချက်ထုတ်ရ မယ်။ နှစ်အချက်ကUnder Groundကနေထွက်ရမယ် ဆိုတဲ့အရာပေါ့။ အဲဒီနှစ်ခုသာရရင် NCA ထိုးဖို့ ဆက်ဆွေးနွေးမယ်ဆိုပြီး ပြောခဲ့တယ်။ အခုတော့ ဒီအတိုင်း မဟုတ်တော့ဘူး။ ချဉ်းကပ်မှုအသစ်နဲ့ သွားမယ်။ အခုလည်းသူတို့က NCAထိုးချင်တယ်''ဟု ဦးဇော်ဌေးက ပြောသည်။

AA ၊ MNDAAနှင့်TNLA သုံးဖွဲ့ NCA သို့ ပါဝင်လာနိုင်ရေးအတွက် ညီလာခံတတိယအစည်းအဝေး အပြီးတွင် ညှိနှိုင်းသွားမည်ဖြစ်သော်လည်း KIA ၊ UWSA ၊ NDAA ၊ SSPP တို့နှင့် တန်းတူဆွေးနွေးမည်မဟုတ်ဘဲ ပုံစံတစ်မျိုးဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ဇူလိုင် ၁၁ ရက်က နှစ်ဖွဲ့ခွဲ၍ တွေ့ဆုံခဲ့သည်။

''AA၊ MNDAA နဲ့ TNLAသုံးဖွဲ့ကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တွေ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီသုံးဖွဲ့က တိုက်ပွဲတွေဖြစ်နေလို့၊ နောက်သူတို့က နှစ်ဖက်သဘောတူစာချုပ် ချုပ်တာမျိုး ရှိမထားဘူး။ KIA ၊ SSPP ၊ UWSA ၊ NDAA က နှစ်ဖက်သဘောတူစာချုပ် ချုပ်တာမျိုးရှိထားတယ်။ အဲဒီလို အနေအထားကွာခြားတော့ ပဋိပက္ခလျှော့ချရေးNCAကို ဘယ်လိုသွားမလဲ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဓိကက NCAထိုးဖို့ပဲ ဆွေးနွေးသွားတယ်''ဟု ဦးဇော်ဌေး ထံမှ သိရသည်။

အစိုးရအနေဖြင့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့အား ပုံစံနှစ်မျိုးဖြင့် ချဉ်းကပ်မည်ဖြစ်ပြီး ညီလာခံတက်ရောက်ရန် ဖိတ်ခေါ်ခြင်း သည် တပ်မတော်နှင့် တိုက်ပွဲများလျော့ကျရေး၊ အစိုးရနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

ဦးဇော်ဌေးက ''ညီလာခံပြီးရင် တိုက်ပွဲလျော့ကျ အောင်နဲ့ နှစ်ဖက်ယုံကြည်ရအောင် တတိယနဲ့ စတုတ္ထ ညီလာခံမတိုင်မီ ကြားထဲမှာNCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေ တိုးလာမယ်လို့ မျှော်လင့်ထားတယ်''ဟု ပြောသည်။

RCSSနှင့် တပ်မတော် ထိတွေ့မှုများ ဖြစ်ပွားနေခြင်းသည် နှစ်ဖက်သဘောတူစာချုပ်များ ချုပ်ဆိုထားသော်လည်း နယ်မြေသတ်မှတ်မှုများကျော်လွန်လာ၍ ထိတွေ့မှုဖြစ်ပွား နေခြင်းဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏ အပစ်ရပ် နယ်မြေသတ်မှတ်မှုများကို တိတိကျကျ ဆောင်ရွက်ပြီးပါက ထိတွေ့မှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ ၂ဝ၁၉-၂ဝ၂ဝ အချိန်သတ်မှတ် ၍ ငြိမ်းချမ်းရေးရည်မှန်းချက်ထားခြင်းသည် နှစ်ရှည်လများ အချိန်မဆွဲရန်၊ အခြားအကျိုးစီးပွား အမျိုးမျိုးနှင့် ငြိမ်းချမ်းရေးအပေါ် စိတ်အားထက်သန်မှုလျော့ကျခြင်းမျိုး ဖြစ်မလာနိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။

''အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၂ဝ၁၉ သတ်မှတ်ချက်ကို မီချင်တယ်ဆိုရင် အစိုးရတစ်ဖက်တည်းက ဆောင်ရွက်လို့ မရဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်က မလုပ်ချင်ဘူးဆိုရင် အကြောင်းအမျိုးမျိုးပြပြီး အဆင်မပြေ တာတွေ ဖြစ်လာနိုင်တယ်။ နိုင်ငံရေးပါတီလည်း ဒါကို မဖြစ်ချင်ရင် အကြောင်းအမျိုးမျိုးပြလို့ရတယ်။ ဒါကြောင့် ရည်မှန်းချက်တွေအပေါ်သန္နိဋ္ဌာန်နဲ့လုပ်ဖို့၊ စိုးရိမ်မှုမရှိဖို့ ပြောတာပါ''ဟု ဦးဇော်ဌေးက ဆိုသည်။

ယနေ့ပြုလုပ်သည့် ရှင်းလင်းပွဲတွင် UPDJC အတွင်းရေးမှူးများဖြစ်ကြသည့် ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ရဲဘော်မျိုးဝင်းနှင့် စိုင်းကျော်ညွန့်တို့က သတင်းမီဒီယာများ အား တွေ့ဆုံဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်း- ရဲခေါင်ညွန့်၊ ဓာတ်ပုံ- ဖိုးထောင်

Related Articles