ဘယ်လိုပဲ ကွဲပြားစေကာမူ အားလုံးရဲ့စိတ်ထဲမှာ တစ်စိတ်တစ်ဝမ်းတည်းဖြစ်တာကိုတော့ ဝမ်းသာပါတယ်

ဘယ်လိုပဲ ကွဲပြားစေကာမူ အားလုံးရဲ့စိတ်ထဲမှာ တစ်စိတ်တစ်ဝမ်းတည်းဖြစ်တာကိုတော့ ဝမ်းသာပါတယ်

Mon, 07/16/2018 - 11:16
Posted in:
0 comments

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေး စတုတ္ထနေ့ အစုအဖွဲ့အလိုက် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် တာဝန်ရှိသူများ နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

1

စိုင်းကျော်ညွန့်(UPDJC အတွင်းရေးမှူး)

နိုင်ငံရေးကဏ္ဍမှာတော့ ကျား၊ မဆိုင်ရာ တန်းတူ ညီမျှရေးတစ်ခုတည်းပဲ ဆွေးနွေးတာပါ။ ဒီခေါင်းစဉ် အောက်မှာတော့ အချက်က လေးချက်ရှိပါတယ်။ လေးပိုဒ် ရှိတယ်။ ပထမအပိုဒ်က အဓိက ကျား၊ မ လိင်ကွဲပြားမှုနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုမရှိစေရနဲ့ တန်းတူညီမျှ ရှိစေရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒုတိယအချက် ကတော့ အမျိုးသမီးတွေ အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်ရေးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ တတိယအချက် ကတော့ လိင်ပိုင်းဆိုင်ရာ အခြေပြုပြီး အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ဥပဒေကို ပြဋ္ဌာန်းပေးရမယ်ဆိုတဲ့ အချက်ရယ် စတုတ္ထအချက်ကတော့ နှစ်ကာလရှည်စွာ ဦးစားပေးမှု မရှိခဲ့တဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးဖို့ အစီအစဉ်နဲ့ ဘယ်လိုမူဝါဒချမှတ်နိုင်မယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

စကားလုံးပြင်ဆင်တယ်ဆိုတာက တစ်ဖွဲ့က ပြင်ပြီ ဆိုရင် ကျန်တဲ့အဖွဲ့တွေကလည်း အကုန်လုံးလိုက်ပြီး ပြင်တာတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ကတော့ အဆိုပြုထားပါတယ်။ မူရင်း UPDJC မှာ တင်သွင်းလာတဲ့ အဆိုပြုလွှာဆိုရင် ကျစ်လျစ်သိပ်သည်းပြီးသားပါ။ လိုချင်တဲ့ အချက်ကလည်း သူ့ဟာနဲ့သူ ပါဝင်ပြီးသား ဆိုတော့ မူရင်းUPDJC ရဲ့ အဆိုပြုချက်က ကောင်းမွန် ပြီးသားပါ။ ပြင်စရာရှိရင်လည်း ပြင်ပါ။ အတိုင်းအတာ တစ်ခုအထိ လိုရင်းကို ရောက်ပြီးသားဆိုတော့ အဲဒီ အပေါ်မှာဘဲ ဝိုင်းဝန်းပြီး ထပ်ဆင့်ဆုံးဖြတ်ချက်ချပေးဖို့ ဆိုပြီး ကျွန်တော့အနေနဲ့ requestလုပ်ပါတယ်။ အားလုံး ရှေ့ဆက်ညှိနှိုင်းတဲ့အခါမှာ အဖွဲ့တော်တော်များများက အဆင်ပြေပါပြီ။ ဒီနေ့ ကျန်တဲ့အစုအဖွဲ့မှာ ဒါတွေကို အတည်ပြုနိုင်လိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ UPDJC ရဲ့ ဆုံးဖြတ်ချက်အတိုင်းပါ။

2

ဦးရည်မွန်(ခ)မောင်တင်သစ်(လွှတ်တော်အစုအဖွဲ့)

ကျွန်တော်က လွှတ်တော်အစုအဖွဲ့ထဲက လူမှုရေး ကဏ္ဍမှာ တာဝန်ယူဆွေးနွေးနေပါတယ်။ မနေ့က ကျွန်တော်တို့ ကဏ္ဍအလိုက်ဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေး ခဲ့တယ်ဆိုတာကို ကိုယ့်အစုအဖွဲ့မှာ မျှဝေတဲ့အစီအစဉ်ပါ။ လုံခြုံရေးကဏ္ဍအနေနဲ့ တတိယအစည်းအဝေးအထိတော့ သဘောတူညီချက် မချနိုင်သော်လည်း ဆွေးနွေးမှုတွေ တော့ ဆက်တိုက်ရှိနေပါတယ်။ တရားဝင်ဆွေးနွေးပွဲတွေ၊ အလွတ်သဘော ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။ လာမယ့်အစည်းအဝေးမှာတော့ လုံခြုံရေးကလည်း သဘောတူညီချက် ပေါ်ထွက်လာအောင် အားလုံး ကြိုးစားမယ်ဆိုတာကို မနေ့က အစည်းအဝေးမှာ တပ်မတော်၊EAOs တို့က ပြောဆိုသိခဲ့ရတာတွေကို ပြန်ပြီး မျှဝေပါတယ်။

လုံခြုံရေးကဏ္ဍနဲ့ပတ်သက်လို့ အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့တွေကြားထဲမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုပိုရှိ အောင်၊ ပိုတိုးတက်လာအောင် အထူးသဖြင့် အပြန်အလှန် ပိုပြီးနားလည်မှုရရှိအောင် ကြိုးစားနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုညီလာခံမှာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့လုံး လာတက်တဲ့အတွက် ဝမ်းမြောက်စရာကိစ္စဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်အထိNCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေ ရှိသလို မထိုးရသေးတဲ့ အဖွဲ့တွေလည်း ရှိတယ်ပေါ့။ ဘယ်လိုပဲကွဲပြားစေကာမူ အားလုံးရဲ့ စိတ်ထဲမှာ တစ်စိတ် တစ်ဝမ်းတည်းဖြစ်တာကိုတော့ ဝမ်းသာပါတယ်။ အဲဒီ အတွက် အမြန်ဆုံးနည်းနဲ့ နိုင်ငံရေးဆွေးနွေးပြီးတော့ အဖြေရှာကြမယ်။ လက်မှတ်မထိုးရ သေးတဲ့အဖွဲ့တွေလည်း မကြာခင်မှာ လက်မှတ်ရေးထိုးလာနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

3

ဒေါ်ဇင်မာအောင်(လွှတ်တော်အစုအဖွဲ့)

ကျွန်မက လွှတ်တော်အစုအဖွဲ့အနေနဲ့ လူမှုရေးကဏ္ဍမှာ ဦးဆောင်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ မနေ့က ကဏ္ဍအလိုက်ဆွေးနွေးခဲ့တဲ့အပေါ်မှာ လွှတ်တော်အစုအဖွဲ့ကို အဲဒီဆွေးနွေးချက်တွေပြန်တင်ပြပြီး အတည်ပြုချက် ရယူတယ်။ လူမှုရေးကဏ္ဍရဲ့ အဓိကဖြစ်တဲ့ ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးနဲ့ လူမှုဘဝ ဖူလုံရေးကိစ္စရပ်တွေ အပေါ် ဆောင်ရွက်တဲ့နေရာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာ၊ စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာ တွေမှာ အနည်းဆုံး အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ဖို့ ကိစ္စရပ်ပါပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ အားလုံး လက်လှမ်းမီ လွှမ်းခြုံနိုင်တဲ့ ပညာရေးမျိုးအတွက်ကိုလည်း ဆောင်ရွက်ဖို့ဆိုတဲ့ အချက်ပါတယ်။ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းတွေနဲ့ ပတ်သက်တဲ့အခွင့်အရေးတွေကို ကာကွယ်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့ကိစ္စတွေလည်း ပါတယ်။ စုစုပေါင်း ခုနစ်ချက် ထဲမှာ ကလေးသူငယ်အခွင့်အရေး သိသိနဲ့ ချိုးဖောက်မှုတွေ ကို ကာကွယ်စောင့်ရှောက်ပေးဖို့ဆိုတဲ့ မူဝါဒချမှတ်ပေးဖို့ တွေ ပါပါတယ်။

ပထမအစည်းအဝေးမှာ မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်အနေနဲ့ တိုက်ဖျက်ရမယ်ဆိုတာကို ဘယ်လိုတိုက်ဖျက်မလဲ ဆိုတာတွေပေါ့။ မူးယစ်ဆေးဝါး သုံးစွဲမှုကိုလျှော့ချတာရယ်၊ ကာကွယ်တာရယ် သဘော သဘာဝနယ်ပယ်ချင်းက မတူဘူး။ သုံးစွဲမှုကိုလျှော့ချဖို့ ကိစ္စရပ်ကိုလည်း ကျွန်မတို့ ဒီမူထဲမှာ ထည့်ပြီးရေးဆွဲတဲ့ အခါမှာ နိုင်ငံတော်အနေနဲ့ လူထုအခြေပြု သီးခြားရန်ပုံငွေ ထားပြီးလုပ်ဖို့ကိစ္စကိုလည်း ကျွန်မတို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးကြတဲ့အခါမှာ မူအနေနဲ့တော့ ပိုပြီးတော့ ကျစ်လစ်ခိုင်မာတဲ့အချက်တစ်ချက်ဖြစ်ဖို့ သဘောတူခဲ့ကြ တာရှိတယ်ဆိုတော့ ကျွန်မတို့ အကာအကွယ်ဖြစ်တာက တော့ အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့၊ ကလေးသူငယ် အခွင့်အရေး၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို အကာအကွယ်ဖြစ်မယ့် မူတွေချမှတ်နိုင်ခဲ့ တယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်တာတွေ အထူးသဖြင့် ကလေးသူငယ်တွေအပေါ်မှာ ကြီးလေးတဲ့ ချိုးဖောက်မှု တွေကို EAOs၊ တပ်မတော်၊ အစိုးရတို့ဘက်ကရော အားလုံးရှောင်ကြဉ်ဖို့ကိစ္စ အဲဒီမူဝါဒတွေကို ချမှတ် ထားတာ အားလုံး ခုနစ်ချက်ပါ။ အကြောင်းအရာအပေါ်မှာ တော့ အကြိတ်အနယ် ဆွေးနွေးခဲ့ရတာ မရှိပါဘူး။ ဒါပေမယ့် မူထဲမှာထည့်တဲ့အခါမျိုးမှာ စကားရပ်တွေ၊ စကားလုံးတွေအပေါ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ဖွင့်ဆိုပုံတွေ၊ နားလည်ပုံတွေ မတူကြတော့ အဲဒီအပေါ်မှာတော့ အကြိတ်အနယ်ညှိနှိုင်းရတာတွေ ရှိတယ်။ တချို့မှတ်ချက်တွေကို ဘယ်နေရာမှာထားမလဲ၊ ဒါက Union Accord ထဲမှာ ပါသွားမှာ ဖြစ်တဲ့အတွက် ဖောင်းပွနေလို့ မဖြစ်ပါဘူး။ မူဖြစ်တဲ့အတွက် မူနဲ့တူနေ ဖို့ လိုပါတယ်။ ဖြုတ်လိုက်တဲ့မှတ်ချက်တွေကိုလည်း Union Accord ထဲမပါပေမယ့် ကိုးကားစရာအဖြစ် ဘယ်နေရာမှာ ထားမလဲဆိုတာကိုတော့ အကြိတ်အနယ် ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဒါတွေကလည်း သက်ဆိုင်ရာ UPDJC အတွင်းရေးမှူးအဖွဲ့ကို တင်ပြပြီးတော့ အဟောသိကံ မဖြစ်ရအောင် ပြန်ကိုးကားပြီးတော့ တစ်နေရာရာမှာ ရှိနေရမှာပါ။ Union Accord က မူဝါဒဆွေးနွေးတာ ဖြစ်တဲ့အတွက် ကျစ်လျစ်သိပ်သည်းပြီးတော့ မူဝါဒရဲ့ အင်္ဂါရပ်တွေနဲ့ ညီညွတ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆွေးနွေးရတဲ့အပိုင်းတွေရှိပါတယ်။

အမေးအရေး- အေးအေးသန့်

ဓာတ်ပုံ- ဟန်လင်းနိုင်

Related Articles