ငြိမ်းချမ်းရေးကို နှလုံးသားနဲ့ စကားပြောပေးကြပါ။

ငြိမ်းချမ်းရေးကို နှလုံးသားနဲ့ စကားပြောပေးကြပါ။

Mon, 07/16/2018 - 11:16
Posted in:
0 comments

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (တတိယအစည်းအဝေး) စတုတ္ထနေ့အစီအစဉ်များကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ တွင် ယနေ့ဆက်လက်ကျင်းပလျက်ရှိပြီး အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများ ဆောင်ရွက်ကြသည်။
ယနေ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်များက မူဝါဒအဆိုပြုလွှာများအပေါ် ယမန်နေ့ က သဘောတူညီမှုရရှိပြီးဖြစ်သော အချက်များအား အစုအဖွဲ့ သဘောထားများ စုစည်းမှုပုံစံဖြင့် ပြန်လည်ဆွေးနွေးညှိနှိုင်း ကြသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံသို့ တက်ရောက်လာသည့် ညီလာခံကိုယ်စားလှယ်အချို့နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

နော်ခင်သန်းညွန့်၊ ကရင်ပြည်သူ့ပါတီ
နိုင်ငံရေးပါတီအစုအဖွဲ့

ကျွန်မတို့က နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲမှာ ဆွေးနွေးတာပါ။ မနေ့ကစပြီးတော့ နိုင်ငံရေးကဏ္ဍမှာ အဖွဲ့လိုက်ဆွေးနွေးကြတယ်။ ဆွေးနွေးကြတဲ့အခါ ကိုယ့်ပါတီကလည်း ကိ်ုယ်လိုချင်တာရှိတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ဥပဒေတွေလိုချင်တယ်။ ချမှတ်ချင်တယ်။ နောက်ပြီး EAOs တွေကလည်း ကိုယ့်ဒေသ တွေမှာရှိတဲ့ ခံစားနေရတဲ့ အခြေအနေတွေကို ထည့်ပြီးတော့ ဆွေးနွေးကြတယ်။ ဒါပေမယ့် နောက်ဆုံးအားလုံး ညှိနှိုင်းလိုက်တဲ့အခါမှာတော့ EAOs တွေ ပြောတဲ့အချက်တွေရော နိုင်ငံရေးပါတီအစုအဖွဲ့တွေရော ပထမအဆိုပြုထားတဲ့ အချက်တွေကိုပဲ အတည်ပြုလိုက်ကြပါတယ်။ အချက်လေး ချက်မှာအားလုံးပဲ သဘောတူညီမှုရရှိပါတယ်။ ကျန်တဲ့တစ်ဖွဲ့နဲ့ တော့ ဒီနေ့မှာ ဆက်ဆွေးနွေးနေကြပါတယ်။ အားလုံးကလည်းပဲ အဆိုပြုလွှာမှာပါတဲ့ အချက်တွေအားလုံးကို ထောက်ခံ ကြပါတယ်။ ဒီနေ့မှာတော့ အဆင်ပြေပြေ ချောချောမောမော ပါပဲ။
NCA အပေါ် မျှော်လင့်တာကတော့ အများကြီးမျှော်လင့် ထားတယ်။ ဒါပေမယ့် အခက်အခဲတွေလည်း အများကြီးရှိနေပါ သေးတယ်။ အတ္တအစွဲလေးတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ပြီး လိုချင်တဲ့ပန်းတိုင်ကတော့ ရောက်လာမှာပါ။ တစ်နိုင်ငံ လုံး ငြိမ်းချမ်းဖို့အတွက်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့၊ တစ်ယောက်နဲ့ တစ်ယောက်က နည်းနည်းပါးပါး လျှော့ရမှာပါ၊ ဟိုဘက်ကလည်း နည်းနည်းလျှော့၊ ဒီဘက် ကလည်း နည်းနည်းလျှော့ပြီးတော့ သူ့ဆီကို ကျူးကျော်တာ လည်းမရှိနဲ့ ကိုယ့်သဘောတူညီချက်ကိုလည်း လက်ခံဆိုပြီး နေလိုက်မယ်ဆိုရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်နေမှာပါ။ သူများနိုင်ငံတွေ တိုးတက်တယ်ဆိုတာလည်း အားလုံးစည်းလုံး လို့ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံကိုလည်း စည်းလုံးစေချင်တယ်။ တိုင်းရင်းသားအားလုံး မစည်းလုံးသေးသရွေ့ တိုင်းပြည်ကြီး တိုးတက်ဖို့ မလွယ်ဘူး။ အခုအခက်အခဲတွေ ရှိတယ်ဆိုတာ ကလည်း နောက်ဆုတ်ဖို့ မဟုတ်ဘူး။ အဆင်အပြေဆုံး ညှိနှိုင်း အဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မိကျိကျဲညီ၊ မွန်အမျိုးသားပါတီ
နိုင်ငံရေးပါတီအစုအဖွဲ့

နိုင်ငံရေးပါတီအစုအဖွဲ့က ဆွေးနွေးနေတာ သုံးခုလောက် တော့ ပြီးပါပြီ။ နိုင်ငံရေးရယ်၊ စီးပွားရေးရယ်၊ လူမှုရေးရယ်။ မနေ့က အစုအဖွဲ့အလိုက် ဆွေးနွေးတဲ့အတိုင်းပါပဲ။ UPDJC က ချမှတ်ပေးတဲ့ အဆိုပြုလွှာအတိုင်း ရပ်တည်သွားမယ်ဆိုတာပဲ အားလုံးနီးပါးက တစ်သံတည်း အဆင်ပြေတဲ့ အနေအထား ရှိပါတယ်။ ကျွန်မတို့ကတော့ အကောင်းဆုံးဖြစ်အောင် မျှော်လင့် ချင်တာပေါ့။ နည်းနည်းတစ်ဆို့နေတာတွေကို မဖြစ်စေချင်ဘူး။ အစုအဖွဲ့တိုင်းက သဘောတူညီချက်တွေလည်း လိုတယ်။ အစု အဖွဲ့တစ်ခုတည်းကနေ ဆုံးဖြတ်လို့မရတဲ့ အချက်တွေဖြစ်တဲ့ အတွက်ကြောင့် ရှေ့ဆက်ဖို့ကတော့ အများကြီးရှိနေပါသေး တယ်။ ကျွန်မအမြင်ကတော့ အားလုံးပါဝင်လာဖို့အတွက်က အားလုံးပါဝင်ချင်တဲ့ ဆန္ဒရှိဖို့တော့လိုမယ်။ တစ်ဖက်ကပဲ တင်းခံ နေတာမဟုတ်ဘဲနဲ့ အလျှော့အတင်းတွေလုပ်ဖို့တော့ လိုမယ်။ ကျွန်မတို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကိစ္စဆိုတော့ ငြိမ်းချမ်း ရေးကို နှလုံးသားနဲ့ စကားပြောပေးကြပါ။ ကိုယ့်အုပ်စု ရပ်တည် ချက် တစ်ခုတည်းမဟုတ်ဘဲ အားလုံးအဆင်ပြေစေဖို့ နှလုံးသားနဲ့ ပြောကြပါလို့ ပြောချင်ပါတယ်။

ဦးရာပွေး
တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့

အခုဒီနေ့ အစုအဖွဲ့အလိုက်ဆွေးနွေးပွဲမှာတော့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေ ဆွေးနွေးကြတယ်။ ဒီနေ့ အဓိက ဆွေးနွေးတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံသော နိုင်ငံ ဆိုတဲ့နေရာမှာ မြန်မာဆိုတာကို မထည့်ချင်ကြဘူး၊ တိုင်းရင်းသား တွေက၊ ကျွန်တော့်အမြင်ကတော့ မြန်မာကထည့်ကို ထည့်ရ မယ်။ တိုင်းရင်းသားတွေဘက်က လိုချင်တာပဲ ပြောကြတာပဲ။ တပ်မတော်ဘက်က လျှော့လို့မရမယ့်ဟာဆိုတာ မသိဘူး။ တိုင်းရင်းသားဘက်က အနည်းငယ်လျှော့ဖို့ လိုတယ်လို့ မြင်ပါတယ်။ အားလုံးပါဝင်လာဖို့အတွက်ဆိုရင်တော့ တပ်မတော် ဘက်က လက်မလွှတ်နိုင်တဲ့ ကိစ္စတွေကိုတော့ တိုင်းရင်းသား တွေဘက်က နားလည်ပေးဖို့လိုတယ်။ လက်မလွှတ်နိုင်တဲ့ ကိစ္စတွေကို အတင်းကြီးလိုချင်သပလို့ ပြောမယ်ဆိုရင်တော့ ခရီးလမ်းက ဖြောင့်တန်းနိုင်မှာ မဟုတ်ဘူး။

တွေ့ဆုံမေးမြန်း - ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ

Related Articles