ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး ဆဋ္ဌမနေ့အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ကျေးဇူးတင်စကား (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး ဆဋ္ဌမနေ့အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ကျေးဇူးတင်စကား (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

Mon, 07/16/2018 - 11:16
Posted in:
0 comments

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး
ဆဋ္ဌမနေ့အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ကျေးဇူးတင်စကား
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)
====================================

နှုတ်ခွန်းဆက်
ဒီကနေ့ ညီလာခံကိုတက်ရောက်နေကြတဲ့ ဦးဆောင်သဘာပတိ၊ သဘာပတိ အဖွဲ့ဝင်များ၊ UPDJCအဖွဲ့ဝင်များ၊ ညီလာခံကိုယ်စားလှယ်တော်ကြီးများရှင့်-
ခြောက်ရက်တာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ၊ တတိယအစည်းအဝေးကတော့ ဒီကနေ့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၂)ကို လက်မှတ်ရေးထိုးနိုင်ခြင်းနဲ့ အောင်မြင်စွာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ ပါပြီ။ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၂)မှာ အခြေခံမူ(၁၄)ချက်သာ ရရှိခဲ့တယ်ဆိုပေမယ့်လည်း ဒီအခြေခံမူတွေရရှိလာအောင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ အစုအဖွဲ့အလိုက် တင်သွင်းလာတဲ့စာတမ်းတွေကို အခြေခံပြီး လုပ်ငန်း ကော်မတီအစည်းအဝေး၊ UPDJC အစည်းအဝေးနဲ့ ညီလာခံအစည်းအဝေးတွေမှာ အကျေအလည်ဆွေးနွေးညှိနှိုင်းပြီး ရရှိလာခဲ့တာဖြစ်တဲ့အတွက် အစုအဖွဲ့အားလုံး သဘော တူညီမှုတွေ ရရှိအောင် ရှာဖွေနိုင်ခဲ့တာဟာ ကျွန်မတို့အတွက် ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ ဖြစ်နေမှာပါ။ ညီလာခံရဲ့ ခြောက်ရက်တာကာလအတွင်းမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှု၊ အပြန်အလှန်နားလည်မှုများနဲ့ ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက်တွေ ရှာဖွေနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ကျွန်မတို့ အားလုံးရဲ့အခြေအနေကို ကိုယ်စီကိုယ်စီ သိရှိ ထားကြပြီ လို့လည်း ယုံကြည်ပါတယ်။

ညီလာခံတတိယအစည်းအဝေး၏ ရလဒ်များအပေါ် အသိအမှတ်ပြုခြင်း
သဘာပတိကြီးနဲ့တကွ ညီလာခံကိုယ်စားလှယ်တော်ကြီးများရှင့်-
ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယ အစည်း အဝေးမှာ စုစုပေါင်းအချက်(၁၄)ချက်ကို သဘောတူနိုင်ခဲ့ကြပါတယ်။ နိုင်ငံရေးကဏ္ဍ (၄)ချက်၊ စီးပွားရေးကဏ္ဍ(၁)ချက်၊ လူမှုရေးကဏ္ဍ(၇)ချက်နဲ့ မြေယာကဏ္ဍ(၂)ချက်တို့ ဖြစ်ကြပါတယ်။ လုံခြုံရေးကဏ္ဍမှာတော့ ဒီတစ်ကြိမ်မှာ သဘောတူညီမှုတွေရရှိအောင် မညှိနိူင်းနိုင်ခဲ့ပါ။
ဒီအချက်တွေကိုကြည့်လိုက်ရင် နှစ်မျိုးတွေ့ရှိနိုင်ပါတယ်။ တစ်မျိုးက တိုင်းရင်းသားတွေ လိုချင်တဲ့အရာတွေ၊ စိုးရိမ်နေတဲ့အချက်တွေကို လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိပေမယ့်လည်း ပိုမိုသေချာတဲ့စကားလုံး အသုံးအနူန်းတွေနဲ့ ထည့်သွင်းခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါရှိသေးတဲ့ အချက်တွေကို ပြည်ထောင်စု သဘောတူညီမှုတစ်ရပ်အနေနဲ့ ထည့်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ အခု သဘောတူညီလိုက်တဲ့ အချက်တွေက ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု သဘောတူ စာချုပ်ကြီး ချုပ်ဆိုနိုင်ဖို့အတွက် နောက်ထပ်တက်လှမ်းလိုက်တဲ့ ခြေလှမ်းသစ်တွေလည်း ဖြစ်ပါတယ်။

အချို့ကလည်း ရရှိခဲ့တဲ့အချက်တွေ နည်းနေသေးတယ်လို့ မြင်ပါလိမ့်မယ်။ ပြန်ကြည့် လိုက်ရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံရဲ့ ဒုတိယအကြိမ်နဲ့ တတိယ အကြိမ် အစည်းအဝေးတွေအကြားမှာ အချိန်ကာလအားဖြင့် (၁)နှစ်ကျော်ကြာမြင့်ခဲ့တာကို အားလုံးသိရှိထားပြီး ဖြစ်ပါတယ်။ ညီလာခံ တတိယအစည်းအဝေး ကျင်းပနိုင်ဖို့ကို အများကြီး ညှိနှိုင်းတိုင်ပင် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ အခက်အခဲအမျိုးမျိုး၊ သဘောထားကွဲပြားမှု အမျိုးမျိုးရှိနေတဲ့ကြားမှာ အခုလို ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့တာကိုက ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရှေ့ကိုဆက်လက်ပြီး ရွေ့နေတယ်ဆိုတဲ့ သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သဘောတူညီချက်တွေ နည်းကောင်းနည်းမယ်၊ သို့သော်လည်း ကျွန်မတို့ အားလုံး အပြန်အလှန် နားလည်မှုနဲ့ ကြိုးပမ်းအားထုတ်နိုင်ခဲ့ကြခြင်းကြောင့် အားလုံး ပိုင်ဆိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ် ရှေ့ဆက်နိုင်အောင် လုပ်ဆောင်နိုင်ခြင်းဟာ ဒီညီလာခံကြီးရဲ့ အဓိကအနှစ်သာရပဲ ဖြစ်ပါတယ်။ ဒီကနေ့ လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့ အစိတ်အပိုင်း (၂) သဘောတူညီချက်တွေဟာ ကျွန်မတို့ညီလာခံကြီး ရပ်တန့် မနေဘူး၊ နောက်ပြန် လှည့်မသွားဘူး၊ ရှေ့ကို ခက်ခက်ခဲခဲ တက်လှမ်းနေတယ် ဆိုတာကို အထင်အရှား ဖော်ပြနေတာပါ။

တစ်ချိန်တည်းမှာပဲ NCA လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ကျွန်မတို့ရဲ့ ဖိတ်ကြားချက်အရ ညီလာခံကို တက်ရောက် ခဲ့ကြပါတယ်။ ညီလာခံအစည်းအဝေးတွေမှာ ဆွေးနွေးညှိနှိုင်းခဲ့ကြတာတွေကို လက်တွေ့ မြင်တွေ့သိရှိခွင့် ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒီအဖွဲ့အစည်းကကိုယ်စားလှယ်တွေဟာ အစိုးရပိုင်း၊ တပ်မတော်ပိုင်းနဲ့ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ လွတ်လပ်ပွင့်လင်းစွာ၊ ရင်းနှီးစွာဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပြီး ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်စေမယ့် အလားအလာကောင်းတွေ များစွာရရှိခဲ့တဲ့အတွက် အားလုံး အတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါဟာလည်း ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေးရဲ့ ရလဒ်ကောင်း တွေထဲက တစ်ခုဆိုတာကို တွေ့ရှိနိုင်ကြမှာပါ။

တစ်ဆက်တည်းမှာပဲ (၂၁)ရာစုပင်လုံညီလာခံကြီးကို စောင့်ကြည့်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေအားလုံးရဲ့ မျှော်လင့်ချက်တွေကို မှေးမှိန်မသွားစေဖို့အတွက် ကျွန်မတို့အားလုံး ညှိနှိုင်းတိုင်ပင်ပြီး ညီလာခံကြီးရဲ့ သဘောထား ထုတ်ပြန်ချက်ကို သဘောတူထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီသဘောထား ထုတ်ပြန်ချက်မှာ အဓိကအားဖြင့် ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ် ညီလာခံ (၁)ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ (၂)ကြိမ်၊ စုစုပေါင်း ညီလာခံ(၃)ကြိမ် ကျင်းပနိုင်ရေး၊ ဒီညီလာခံ(၃)ကြိမ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို အခြေခံအုတ်မြစ်အဖြစ် ချမှတ်နိုင်ရေး၊ ဆက်လက် ကျင်းပမယ့် ညီလာခံတွေမှာ အခြေခံမူတွေကို အုတ်မြစ်အဖြစ် ချမှတ်နိုင်ရေးအတွက် အစုအဖွဲ့အသီးသီးက ကြိုးပမ်းဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို ညီလာခံရဲ့ သန္နိဋ္ဌာန်အဖြစ် ချမှတ်လိုက်တာဖြစ်ပါတယ်။ ညီလာခံကြီးကနေ တိုင်းရင်းသား ပြည်သူတွေကို ရှေ့ဆက်ပြီး ဘာတွေလုပ်မယ်ဆိုတာကို တရားဝင် ထုတ်ပြန်ကြေညာ အသိပေးလိုက်တာပါပဲ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ဘယ်လို အခက်အခဲတွေပဲကြုံကြုံ ကျွန်မတို့အားလုံး လက်မလျှော့ဘူး၊ ပိုမိုခိုင်မာတဲ့ ခြေလှမ်းတွေကို ဆက်လက်ပြီး လျှောက်လှမ်းသွားမယ်ဆိုတာကို တစ်စည်းတစ်လုံးတည်း တစ်စိတ်တစ်ဝမ်းတည်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးအနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေး သန္နိဋ္ဌာန်ကို ညီလာခံရဲ့ သဘောထားအဖြစ် ထုတ်ပြန်နိုင်ခဲ့ခြင်းအတွက်လည်း ကျွန်မအနေနဲ့ များစွာ ဝမ်းမြောက်ရပါကြောင်း ပြောကြားလိုပါတယ်။

အခက်အခဲများနှင့် ရှေ့ဆက်မည့်ခရီး
သဘာပတိကြီးနဲ့တကွ ညီလာခံကိုယ်စားလှယ်တော်ကြီးများရှင့်-
ဒီညီလာခံကြီးမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနိူင်းမှုတွေ ပြုလုပ်ကြတဲ့အခါ အားလုံး သဘောတူညီနိုင်တဲ့ အချက်တွေရှိသလို၊ အားလုံးသဘောတူညီဖို့ ခက်တဲ့ အချက်တွေကိုလည်း တွေ့ရပါတယ်။ ဆွေးနွေးမှုတွေမှာ ပါဝင်ကြတဲ့ အစုအဖွဲ့တွေမှာ နောက်ခံသမိုင်းတွေ မတူသလို၊ အနာဂတ်ကို ပုံဖော်ပုံခြင်းလည်း မတူကြပါဘူး။ ဒီလို မတူညီတဲ့အမြင်တွေကြားထဲကနေ ဆွေးနွေးညှိနိူင်းမှုတွေ လုပ်ရတာဖြစ်တဲ့အတွက် အချိန်ယူ စိတ်ရှည်သီးခံပြီး ရလဒ်ထွက်အောင်ညှိနိူင်းရတဲ့ လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေ ကတော့ အများကြီးရှိနေပါတယ်။

လုံခြုံရေးကဏ္ဍကို ညှိနိူင်းကြရာမှာ အဖက်ဖက်ကသတိကြီးစွာနဲ့ ဆောင်ရွက် နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေးကဏ္ဍမှာ ရလဒ်ထွက်နိုင်ဖို့က ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အများကြီးအရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်မှ ဖြစ်မှာပါ။ ဒီအခက်အခဲတွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံရေး ဆွေးနွေးမှုမူဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ဒီဇိုင်းတွေကို အရှိအတိုင်း ရဲရဲတင်းတင်း ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် ကျွန်မတို့ ဆက်လက်ပြီး ကြိုးပမ်း ကြရဦးမှာဖြစ်ပါတယ်။

ရှေ့ကိုဆက်ပြီး အဆင်ပြေချောမွေ့အောင် လိုအပ်တဲ့ အပြောင်းအလဲတွေကို ဆက်လက် ဆောင်ရွက်ကြရာမှာ ညီလာခံကြီးရဲ့ သဘောထားထုတ်ပြန် ကြေညာချက်ပါ အတိုင်း ပြည့်ဝအောင်မြင်စေဖို့အတွက် အားနည်းချက်တွေကို ပြုပြင်ရမယ်၊ အားသာချက် တွေကို ပိုမိုအားကောင်းအောင် အားဖြည့်ရမယ်၊ ကျွန်မတို့အစုအဖွဲ့တွေကြားမှာ ပို၍ပို၍ နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် အဓိကျတဲ့ အင်အားစုတွေအားလုံး ကြားထဲမှာ တိကျပြတ်သားတဲ့ အနာဂတ်အတွက် ဘုံရည်မှန်းချက်တစ်ခု ရှိလာဖို့ အရေးကြီး ပါတယ်။ တိကျပြတ်သားတဲ့ အနာဂတ်အတွက် ဘုံရည်မှန်းချက်အနေဖြင့် ဒီကနေ့ ညီလာခံအစည်းအဝေးကြီးက သဘောထားထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လိုက်ပါပြီ။ ဆက်လက်ပြီးတော့ ကျွန်မတို့ အားလုံးအနေနဲ့ အနာဂတ်အတွက် ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မယ့် ငြိမ်းချမ်းရေးမဟာဗျူဟာတစ်ခု ထွက်ပေါ်လာနိုင်ဖို့ လိုပါ လိမ့်မယ်။ ဒီမဟာဗျူဟာကို အခြေခံပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် (Political Framework)ကို သင့်လျော်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲကြဖို့ လိုပါတယ်။ UPDJC ပူးတွဲကော်မတီကလည်း လိုအပ်တဲ့ အလုပ်အဖွဲ့တွေကို ဖွဲ့စည်းပေးထားပြီး ဖြစ်တဲ့အတွက် အမြန်ဆုံးစတင် ဆောင်ရွက် သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ကျွန်မတို့ နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ အကြောင်းရင်းနောက်ခံတွေမှာ ကျွန်မတို့ အချင်းချင်းအကြား မယုံကြည်မှုနဲ့ သံသယတွေ ပါဝင်နေပြီးတော့ ဒီကွာဟချက်တွေ ကြောင့်ပဲ ရန်လိုမှုနဲ့မုန်းတီးမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ယုံကြည်မှုတည်ဆောက်ရေးကို မြှင့်တင်နိုင်ဖို့ အင်အားစုတွေရဲ့ ခေါင်းဆောင်တွေ အကြားမှာ အလွတ်သဘောတွေ့ဆုံပြီး သဘောထားအမြင်တွေ ဖလှယ်ကြဖို့၊ ကွဲပြားခြားနားတဲ့ ရှုမြင်ချက်တွေကြားက တူညီတဲ့ ဘုံရှုမြင်ချက်တွေ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာလည်း ကျွန်မတို့အကြားမှာ ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် ခေါင်းဆောင်တွေက ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့် လွှဲအပ်လိုက်တဲ့ ကိုယ်စားလှယ်တွေ ပေါ့ပေါ့ပါးပါး အလွတ်သဘောတွေ့ဆုံကြဖို့ သဘောတူညီထားပြီးဖြစ်ပါတယ်။ ခေါင်းဆောင်တွေအကြား အလွတ်သဘော သီးသန့်ဆွေးနွေးပွဲ အမြန်ဆုံးစတင်နိုင်ဖို့လည်း အစိုးရဘက်က အလေး အနက်ထား ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။

အလားတူပါပဲ နိုင်ငံရေးဆွေးနွေးကြရင်းနဲ့ လိုလားချက်တွေ၊ တောင်းဆိုချက်တွေ သဟဇာတမဖြစ်ကြတဲ့အခါ အစိုင်အခဲတွေ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒီအစိုင်အခဲတွေက ငြိမ်းချမ်းရေးစားပွဲပေါ်ကနေ ကျော်လွန်ပြီး သက်ဆိုင်ရာ ပြည်သူလူထု အသိုင်းအဝိုင်းတွေဆီကို ကူးစက်သွားတတ်ကြပါတယ်။ သက်ဆိုင်ရာ ပြည်သူလူထု အသိုင်းအဝိုင်းတွေကြားထဲကို ကူးစက်သွားပြီး မကျေနပ်ချက်တွေ ပိုမြင့်မားလာတတ်သလို၊ မကျေနပ်ချက်တွေ မြင့်မားသထက် မြင့်မားလာတဲ့အခါမှာ နာကျည်းမှုနဲ့ မုန်းတီးမှုတွေ အဖြစ် ရောက်ရှိလာတတ်ကြပါတယ်။ ငြိမ်းချမ်းရေးဟာ အောက်ခြေပြည်သူတွေအတွက် ပြည်သူတွေ တွေ့မြင်ခံစားနိုင်တဲ့၊ ထူးခြားကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ ဒေသခံပြည်သူတွေရဲ့ အသံတွေကို ကျွန်မတို့ရဲ့(၂၁)ရာစုပင်လုံညီလာခံကြီးက နားထောင်ဖို့၊ ရင်ကြားစေ့ကြရာမှာ အောက်ခြေ အဆင့်အထိ ပြန့်နှံ့ရောက်ရှိအောင် အစုအဖွဲ့အသီးသီးက ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့၊ ပဋိပက္ခဒေသက တိုင်းရင်းသား ပြည်သူတွေရဲ့ လူမှုဘဝအပြောင်းအလဲတွေ ဖြစ်ပေါ် လာအောင် ကျွန်မတို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုပုံဖေါ်သင့်တယ်၊ ဘာဖြစ် သင့်တယ်ဆိုတဲ့ ဦးဆောင်မှုကိုသာ အခြေခံတဲ့ပုံသဏ္ဍာန်နဲ့ ချဉ်းကပ် ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါရှိတဲ့ အဓိက အင်အားစုတွေအကြား သဟဇာတ ဖြစ်နိုင်တဲ့ ရလဒ်ကောင်းတွေထွက်ဖို့ ပံ့ပိုးအကျိုးဆောင်တဲ့ ညှိနိူင်းဆောင်ရွက်မှုမျိုးနဲ့ ချဉ်းကပ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ရှုမြင်ချက်က ယုံကြည်မှု၊ နားလည်မှု တွေနဲ့ပဲ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ကျွန်မတို့ အစိုးရရဲ့ ချဉ်းကပ်မှုက ယုံကြည်မှုတွေ ပိုမိုအားကောင်းနိုင်ဖို့၊ နားလည်မှုတွေနဲ့ အဖြေရှာနိုင်စေဖို့ ဆိုတဲ့ ကြိုးပမ်းအားထုတ်မှုမျိုးဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်
သဘာပတိကြီးနဲ့တကွ ညီလာခံကိုယ်စားလှယ်တော်ကြီးများရှင့်-
နိဂုံးချုပ်အနေနဲ့ ကျွန်မတို့ ညီလာခံကိုယ်စားလှယ်တော်ကြီးတွေဟာ ဒီတစ်ခေါက်မှာ အကျေအလည် ဆွေးနွေးနိုင်ခဲ့တယ်ဆိုတာတွေ ကြားသိရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်သူတွေ အနေနဲ့ နားလည်မှုတွေ နက်ရှိုင်းလာဖို့၊ ရှေ့မျှော်မှန်းချက်တွေ တူညီလာဖို့ အကျေအလည်ဆွေးနွေး၊ သဘော ထားများ ဖလှယ်နိုင်တဲ့ အခင်းအကျင်း၊ အချိန်တွေရရှိအောင် အားလုံးညှိနှိုင်း ဆောင်ရွက် နိုင်ခဲ့ကြပါတယ်။ ညီလာခံ တစ်ခုနဲ့တစ်ခုအကြားမှာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပိုမိုအဆင်ပြေကောင်းမွန်တဲ့ ညီလာခံ အခင်းအကျင်းကို ပြောင်းလဲ နိုင်ခဲ့ပေမယ့် ကျွန်မတို့အားလုံး ပိုမိုကောင်းမွန်၊ ပိုမိုအဆင်ပြေတဲ့ အခြေအနေတွေကို တိုးတက်ရောက်ရှိလာအောင် ဆက်ပြီးကြိုးပမ်းဆောင်ရွက်သွားရဦးမှာ ဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ ခြေတစ်လှမ်းပြီးတစ်လှမ်း ရှေ့ကိုတက်လှမ်းနိုင်အောင် ကြိုးပမ်း ကြရာမှာ လှမ်းလိုက်တဲ့ခြေလှမ်းခိုင်မာရေးဟာ အထူးပဲအရေးကြီးပါတယ်။ ကျွန်မတို့ လက်ရှိ ကြိုးပမ်းဆောင်ရွက်နေတာဟာ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးအတွက် အခြေခံအုတ်မြစ်တွေ စိုက်ထူနိုင်ဖို့ ဖြစ်ပါတယ်။ အုတ်မြစ် ခိုင်မာတောင့်တင်းမှသာ အပေါ်ထပ်အဆောက်အအုံတွေ ထပ်ဆင့် တည်ဆောက်တဲ့အခါ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သဘော တူညီချက်တွေ နည်းခြင်း၊ များခြင်းထက် ကျွန်မတို့ အချင်းချင်းအကြားမှာ ကျေလည်ခြင်း၊ ဘုံလက်ခံခြင်း၊ ရေရှည်အတွက် ခိုင်မာခြင်းတွေက ပိုပြီးအရေးကြီးပါတယ်။ နောက်ညီလာခံမှာ ဒီထက် ပိုမိုကောင်းမွန်ပြည့်စုံတဲ့ အခြေခံမူတွေချမှတ်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်း အားထုတ်နိုင်ကြမယ်လို့ လည်း ယုံကြည်ပါတယ်။
ခြောက်ရက်တာ ကျင်းပခဲ့တဲ့ ညီလာခံကြီးမှာ အပင်ပန်းခံပြီး ကြိုးပမ်းဆောင်ရွက် ပေးခဲ့ကြတဲ့ UPDJC အတွင်းရေးမှူးများနဲ့ကော်မတီဝင်များ၊ ညီလာခံကိုယ်စားလှယ်တော် ကြီးများ၊ အကျိုးဆောင်များနဲ့ အထောက်အကူပြု အဖွဲ့များအားလုံးကို ကျေးဇူး အထူးတင် ရှိကြောင်း အလေးအနက်ထားပြောကြားလိုပါတယ်။ အားလုံးပဲ ကျန်းကျန်းမာမာ ချမ်းချမ်း သာသာနဲ့ ညီလာခံအစည်းအဝေးတွေ အောင်မြင်စေဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားကြစေလိုကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

Ref; Myanmar State Counsellor Office

Related Articles