ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

Mon, 07/16/2018 - 11:32
Posted in:
0 comments

 


နေပြည်တော် ဇူလိုင် ၁၆

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယအစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင် စကားပြော ကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မ တီ(UPDJC) ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အစုအဖွဲ့အသီးသီးမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ လေ့လာသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညီလာခံတွင် ဦးဆောင်သဘာပတိအဖြစ် ပဒိုစောကွယ်ထူးဝင်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါ်နီရွှေလျန်းနှင့် ဦးမြင့်စိုးတို့က ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ညီလာခံဦးဆောင်သဘာပတိ ပဒိုစောကွယ်ထူးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် တစ်ချိန်က မိမိ တို့ အမျိုးသားများ၏ နိုင်ငံရေးလိုလားချက်၊ ရပ်တည်ချက်များကို ရရှိရန်အတွက် လက်နက်ကိုင်နည်း၊ တော်လှန်ရေးနည်းလမ်းနှင့် အသက်ပေါင်းများစွာရင်းပြီး ရုန်းကန်တိုက်ပွဲဝင်ရာမှ အခုလို အတူတကွ ပဋိပက္ခဖြစ်ပွားဖက်များအကြား မျက်နှာချင်း ဆိုင်ပြီး၊ တန်းတူရည်တူဆွေးနွေး ငြင်းခုံအဖြေရှာနိုင်သည့် အဆင့် တစ်ဆင့်ကို ရောက်ရှိလာနိုင်အောင် အမြော်အမြင်ရှိရှိဆောင်ရွက် ခဲ့သော နိုင်ငံတော်၏ ခေါင်းဆောင်များအားလုံးကို တိုင်းရင်းသား ပြည်သူများ၏ကိုယ်စား အထူးကျေးဇူးတင်ရပါသည်ဟု ပြော ကြားလိုပါကြောင်း။

သဘောတူညီချက်များ ဆုံးဖြတ်နိုင်ခဲ့

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ၆ ရက်တာအတွင်း၊ ညီလာခံကို အောင်အောင်မြင်မြင်နှင့် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ညီလာခံ တက်ရောက်သည့် အစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကိုယ်စား လှယ်များတို့က တက်တက်ကြွကြွ ဆွေးနွေးငြင်းခုံအဖြေရှာပြီး သဘောတူညီချက်များကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့သည့်အတွက် ပါဝင်ဆွေးနွေးသော အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်၊ ကိုယ်စားလှယ်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ရ ပါကြောင်း။

ရလဒ်များကို ဆက်လက်ဆောင်ရွက်

ယခုကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံတတိယအစည်းအဝေးက နိုင်ငံရေးသဘော တူညီချက်ရရှိမှုမှာ အချက်အားဖြင့်မများသော်လည်း အနှစ် သာရအားဖြင့် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ် သည်ရှင်သန်ပြီး ပိုမိုကောင်းမွန်သောရလဒ်များကို ဆက်လက်ပြီး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

လုပ်ငန်းအဆင့်ဆင့် တိုးတက်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် ကဏ္ဍအလိုက်ဆွေးနွေးမှုမှ ရရှိသည့် သဘောတူဆုံးဖြတ်ချက်များကို ညီလာခံမှအတည်ပြုပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)ကို ချုပ်ဆို နိုင်မည်ဖြစ်သည့်အတွက်ကြောင့်လည်း NCA အကောင် အထည်ဖော်မှုလုပ်ငန်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှု၏ လုပ်ငန်းအဆင့်တစ်ဆင့် တိုးတက်အောင်မြင်မှု ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပါကြောင်း။

ကောင်းမွန်သည့်အနာဂတ်အမွေ

ယခုကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးသည် တိုင်းပြု ပြည်ပြု၊ တိုင်းကျိုးပြည်ကျိုးဆောင်သောလုပ်ငန်းကို ထမ်းရွက်သည့် ညီလာခံဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့ပြည်ထောင်စု၏ ဂုဏ်ရောင်ပြောင်သည့် အနာဂတ်သမိုင်းကို ညီညီညွတ်ညွတ် ရေးသားသော ညီလာခံဖြစ်ပါကြောင်း၊ မိမိတို့၏ ဆောင်ရွက်မှု၊ ဆုံးဖြတ်မှုများ၊ရေးသားမှုများသည် အနာဂတ်မျိုးဆက်သစ်များ အတွက် ကောင်းမွန်သည့်အမွေအနှစ်၊ ကောင်းမွန်သည့်အနာဂတ် ကိုထားခဲ့ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ရေးသားဆောင်ရွက်မှု သည် နောင်လာမည့်မျိုးဆက်သစ် လူငယ်များအတွက် ကောင်းမွန်သည့်အနာဂတ်အမွေကို ပေးစွမ်းမှုမရှိလျှင် မိမိတို့ သည် သမိုင်း၏တရားခံများ ဖြစ်သွားနိုင်ပါကြောင်း။

ပြည်သူတစ်ရပ်လုံး၏ အကျိုး

အနာဂတ်ပြည်ထောင်စု၏ တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးသည် ယနေ့အနာဂတ်ပြည်ထောင်စု၏ ကံကြမ္မာကို ဖန်တီးသည့် မိမိတို့၏လက်ထဲတွင်ရှိပါကြောင်း၊ မိမိတို့၏အမြော်အမြင်ကြီးမှု၊ ပြည်ထောင်စုအပေါ်စိတ်ရင်း စေတနာရှိမှုနှင့် သမာသမတ်ကျမှုအပေါ် မူတည်ပါကြောင်း၊ မိမိတို့၏ ပြောဆိုဆွေးနွေးမှု၊ ငြင်းခုံအဖြေရှာမှုများသည် မိမိတို့ ပြည်ထောင်စု၏အကျိုး၊ မိမိတို့တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
ဤညီလာခံမှ မိမိတို့သင်ခန်းစာအများကြီးရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ဤသင်ခန်းစာများမှတစ်ဆင့် အနာဂတ်နိုင်ငံ ရေး ဆွေးနွေးပွဲများကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်မည့် အစီအစဉ်များကို ချမှတ်မည်ဟုယုံကြည်ပါကြောင်း၊ လာမည့် ၂ဝ၁၈ ခုနှစ်မကုန်မီကျင်းပမည့် စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံကို များစွာအထောက် အကူပြုနိုင်မည်ဟု ခံယူပါကြောင်း။

ကွာခြားသည့်ကောက်ချက်ချမှုများရှိ

မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်မှုသမိုင်းဖြစ်စဉ် ဖြစ်တည်မှုများကို သုံးသပ်သည့်နေရာတွင် မတူညီသော ရပ်တည်မှု၊ ချဉ်းကပ်မှု ရှုထောင့်မှနေပြီး သုံးသပ်သည့်အတွက် မတူညီသည့်အမြင် ကွာခြားသည့်ကောက်ချက်ချမှုများရှိပါကြောင်း၊ မတူညီသည့် အမြင်၊ သုံးသပ်မှု၊ ကောက်ချက်ချ၊ အဖြေထုတ်မှုများကြောင့် သဘောထားကွဲလွဲမှုကို ဖြစ်စေပြီး ပဋိပက္ခဖြစ်မှုများ ဖြစ်ခြင်း ဖြစ်ပါကြောင်း၊ ခြုံပြီးပြောရလျှင် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနှင့် အမျိုးသားတန်းတူရေး ဆိတ်သုဉ်းခြင်းတို့ကြောင့် ဆိုနိုင်ပါ ကြောင်း။

ယနေ့ မိမိတို့နိုင်ငံ၌ ဖြစ်ပွားသည့် ဖြစ်ပွားဆဲလက်နက် ကိုင်ပဋိပက္ခများသည် လူမျိုးရေး၊ အမျိုးသားရေးကိုအခြေခံသည့် နိုင်ငံရေး ပဋိပက္ခအကျိုးဆက်များဖြစ်ပါကြောင်း။
အထူးသဖြင့် ဤလက်နက်ကိုင်ပဋိပက္ခများသည် တိုင်းရင်းသားနယ်မြေအတွင်းတွင် ရှိနေပါသေးကြောင်း၊ ယင်းပဋိပက္ခများ အားလုံးချုပ်ငြိမ်းသွားရန် မိမိတို့ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း။

ယင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြစ်ပွားစေသည့် အခြေခံအမျိုးသားနိုင်ငံရေး ပြဿနာများကို ဖြေရှင်းသွားရ မည်ဖြစ်ပါကြောင်း၊ ပင်လုံစိတ်ဓာတ်ဖြင့် အမျိုးသားတန်းတူရေး ကိုဖော်ဆောင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရမည်ဟု တင်ပြလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကဏ္ဍအလိုက် အခြေခံမူအဆိုပြုချက်များကို တင်သွင်းကြ ရာနိုင်ငံရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို တပ်မတော်အစု အဖွဲ့ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ကလည်းကောင်း၊ စီးပွားရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးလှမောင်ရွှေကလည်းကောင်း၊ လူမှုရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် ဦးနိုင်ငံလင်းကလည်းကောင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍအခြေခံမူအဆိုပြုချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအစုအဖွဲ့ကိုယ်စားလှယ် ခွန်မြင့်ထွန်းကလည်းကောင်းဖတ်ကြားတင်သွင်းကြသည်။

ယင်းနောက် အစိုးရအစုအဖွဲ့ကိုယ်စားလှယ်ဦးကျော်ကျော်ဟန်၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ် ဦးမင်းဦး၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စိုးနိုင်ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် နိုင်အောင်မငေးနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် စောထွန်းအောင်မြင့်တို့က ကဏ္ဍအလိုက် တင်သွင်းသည့် အခြေခံမူ အဆိုပြုချက် အချက် ၁၄ ချက်ကိုထောက်ခံ ဆွေးနွေးကြသည်။

ထို့နောက် ဦးဆောင်သဘာပတိပဒိုစောကွယ်ထူးဝင်းက ကဏ္ဍအလိုက် တင်ပြလာသည့် နိုင်ငံရေးကဏ္ဍ အဆိုပြုချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ အဆိုပြုချက် ၁ ချက်၊ လူမှုရေးကဏ္ဍ အဆိုပြုချက် ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အဆိုပြုချက် ၂ ချက် စုစုပေါင်း ၁၄ ချက်အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သားအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ထောက်ခံတင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် အဆိုပြုချက်အခြေခံမူများအားလုံးကို တစ်ပေါင်းတစ်စည်းတည်း အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ တင်သွင်းလာသောစာတမ်းများအား UPDJC အတွင်းရေးမှူး အဖွဲ့ဝင်ဦးမျိုးဝင်းက မှတ်တမ်း တင်နိုင်ရန် ညီလာခံသို့ အဆိုပြု တင်သွင်းရာဦးဆောင် သဘာပတိကမှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်း အဝေးမှ အတည်ပြုထားသောသဘောတူညီချက် ၁၄ ချက်ကိုပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အစိုးရအစုအဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်ဦးအောင်စိုး၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စန်းမြင့်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ် ဦးသုဝေတို့က လက်မှတ်ရေးထိုးကြသည်။

ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) တွင် အသိသက်သေ အဖြစ် အစိုးရအစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် ဦးထုံဖူးဒဂုဏ်၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် နန်းစေးအွာ၊ နိုင်ငံရေးပါတီအစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် တာမြင့်ကျော်၊ အစိုးရအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် ဦးကျော်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် ဦးလှကျော်အောင်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် နန်းခမ်းအုံတို့ လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် ဦးဆောင်သဘာပတိ က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေး၏ သဘောထားထုတ်ပြန်ကြေညာ ချက်ကို ညီလာခံသို့ ဖတ်ကြား တင်ပြသည်။

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကကျေးဇူးတင် စကားပြောကြားသည်။

ယင်းနောက် ညီလာခံသဘာပတိ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးကို ကျင်းပနိုင်ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နောင်မျိုးဆက်လူငယ်များအတွက် ကောင်းမြတ်သည့် ငြိမ်းချမ်း ရေးကို လက်ဆင့်ကမ်းနိုင်ရန်အတွက် အရွေ့တစ်ခုပင် ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍအသီးသီး တို့မှ အခြေခံမူဝါဒ ၃၇ ချက်ကို ညှိနှိုင်းဆွေးနွေး သဘောတူညီမှု ရရှိခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း(၁)အဖြစ် ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင်လည်း နိုင်ငံရေးကဏ္ဍမှ အခြေခံမူ ၄ ချက်၊ စီးပွားရေးကဏ္ဍမှ အခြေခံမူ ၁ ချက်၊ လူမှုရေးကဏ္ဍမှ အခြေခံမူ ၇ ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အခြေခံမူ ၂ ချက် စုစုပေါင်း ၁၄ ချက်တို့ကို ညှိနှိုင်းဆွေးနွေးသဘောတူညီမှု ရရှိနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆိုနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

ပေါ်ပေါက်လာ

မိမိတို့နိုင်ငံ၌ ဖြစ်ပွားခဲ့ရသည့်၊ ဖြစ်ပွားနေဆဲဖြစ်သည့်လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်း၏ မူလအရင်းခံဇာစ်မြစ် ကို လေ့လာကြည့်လျှင် ကိုလိုနီခေတ် ဗြိတိသျှလက်ထက်ကတည်း က ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်နှင့် နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးတို့ကို အခြေခံပြီး ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

အခြေခံမူများချမှတ်နိုင်ရန် ကြိုးပမ်း

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် အစိုးရအဆက် ဆက်၏ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွင် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ချက် များ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေး အတွက် ဆောင်ရွက်ချက်များကိုသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ဆက်လက်ကျင်းပမည့်် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများတွင်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများကို ချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး တိုက်တွန်း

တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာ ရှိပါကြောင်း၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို တကယ်ချစ်လျှင် နိုင်ငံ၏ တိုးတက်မှုလမ်းကြောင်းတွင် အဟန့်အတားဖြစ်စေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို အချိန်မဆိုင်းဘဲ ပယ်ရှား ပစ်ရန် စိတ်ရင်းစေတနာမှန်နှင့် ဆက်လက်ဆောင်ရွက်သွားကြ ရန် တိုက်တွန်းလိုပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း တိုက်တွန်းလိုပါ ကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆက်လက်ဆောင်ရွက်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် မိမိတို့အားလုံး၏ ကြိုးပမ်းဆွေးနွေး ဆောင်ရွက်မှုများမှ ရရှိသည့်ရလဒ်ကောင်းများကို အနာဂတ် နိုင်ငံတော်အတွက်၊ အနာဂတ်မြန်မာ့မျိုးဆက်များအတွက် လေးလေးနက်နက်ခံယူပြီး စိတ်ရင်းစေတနာမှန်မှန်ဖြင့် အောင်မြင်ပြီးမြောက်အောင် စုပေါင်းကြိုးပမ်းဆောင်ရွက်သွား ကြရန်နှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအစည်းအဝေး၌ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များပြီးပြတ်စေရေး ဆက်လက်ဆောင်ရွက်သွားကြပါဟု အလေးထား တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယ အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာသည်။

ယနေ့ကျင်းပပြီးစီးသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးမှ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ယခင်ကျင်းပခဲ့သည့် ဒုတိယ အစည်းအဝေးတွင် သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ပြည်ထောင်စုသဘောတူ စာချုပ်တွင် အချက်ပေါင်း ၅၁ ချက် ထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။

သတင်းအဖွဲ့

Related Articles