ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်၊ ဖွံ့ဖြိုးရေးဆောင်ရွက်မယ်၊တိုင်းပြည်ကြီး ကို စည်ပင်သာယာအောင်လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက် အကြီးကြီးထား ပါတယ်။

ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်၊ ဖွံ့ဖြိုးရေးဆောင်ရွက်မယ်၊တိုင်းပြည်ကြီး ကို စည်ပင်သာယာအောင်လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက် အကြီးကြီးထား ပါတယ်။

Tue, 07/17/2018 - 11:32
Posted in:
0 comments

 


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေးကို ဇူလိုင် ၁၆ ရက်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍလေးခုမှ အချက်ပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် ဒုတိယအစိတ်အပိုင်းအဖြစ် ထည့်သွင်း ချုပ်ဆိုနိုင်ခဲ့သည်။

ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ခြောက်ရက်ကြာ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် ညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် တာဝန်ရှိသူအချို့အား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်းခဲ့မှုကို ဖော်ပြအပ်ပါသည်-

ဦးဇော်ဌေး
အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)

အားလုံးရဖို့တော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြည်းဖြည်းဆီသွားမယ်။ ဒီညီလာခံမှာတော့ မဖြစ် ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ နိုင်ငံရေးအရ သဘော တူညီချက်တွေ ရယူနိုင်ခဲ့တယ်။ လက်မှတ်မထိုး ရသေးတဲ့ အဖွဲ့တွေနဲ့လည်း ရှေ့အလားအလာ အလွန်ကောင်းတာတွေ ရခဲ့တယ်ဆိုတော့ ဒီအပေါ် မှာ အားရကျေနပ်မှုရှိပါတယ်။

နံပါတ်(၁)အချက်က ဒီညီလာခံက လွန်ခဲ့တဲ့ ခြောက်လကတည်းက လုပ်ရမှာပါ။ ဒီကြားထဲမှာ တစ်နှစ်ကျော် ကြာသွားတယ်။ ဒီတစ်နှစ်ကျော် ကာလမှာတောင် အခုဇူလိုင်လအတွင်းမှ အစိုးရက ဖြစ်မြောက်အောင် လုပ်ရတယ်။ အထူးသဖြင့် ပါဝင်သင့် ပါဝင်ထိုက်သူများအစုအဖွဲ့(EAOs)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့မှ ညီလာခံဖြစ်လာတာ။ ကျွန်တော် တို့ အစိုးရရည်ရွယ်ချက်က ဘာလဲဆိုတော့ Process ကို ကြာရှည်ကြီး ရပ်ဆိုင်းနေတာမျိုး မဖြစ်စေချင်ဘူး။ ဒီ Process ပုံမှန်သွားနေဖို့ လိုတယ်။ ဒီဖြစ်စဉ်အပေါ်မှာ ဒါမှလည်း ယုံကြည်မှု ရှိမှာ၊ ပါဝင်တဲ့လူတွေက ညီလာခံဘယ်အချိန် ဘယ်ကာလမှာ ကျင်းပမယ်ဆိုတာ မသိဘူးဆိုရင် ဒီအပေါ်မှာ ယုံကြည်မှုအားနည်းသွားနိုင်တယ်။ နံပါတ်(၂)အချက်က ဒီညီလာခံဟာ နိုင်ငံရေးအရ အနှစ်သာရဆိုတာ ကြည့်လိုက်ရင်တော့ ကျား၊ မ တန်းတူရေးပဲ။ သို့သော် ကျွန်တော်တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံလို့ မြန်မာဆိုတဲ့ အမည်နာမနဲ့ပတ်သက်လို့ သဘောတူညီချက်တွေ ရသွားတယ်။ အဲဒီတော့ ကျား၊ မ တန်းတူရေးအပြင် နိုင်ငံရေးအရ သဘောတူညီချက်လို့လည်း ပြောလို့ ရပါတယ်။

နံပါတ်(၃)အချက်က ဘာလဲဆိုတော့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေ ဒီညီလာခံကို လာတယ်။ သာမန်တက်ရုံတင် မဟုတ်ဘူး၊ ဒီတစ်ခေါက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်စတဲ့ တာဝန်ရှိတဲ့သူတွေနဲ့ လည်းတွေ့တယ်။ အဲဒီလိုတွေ့တော့ နိုင်ငံရေး ရော စစ်ရေးရော ဆွေးနွေးမှုတွေရှိတယ်။ အဲဒီအပေါ် မှာလည်း တော်တော်လေး အားရကျေနပ်ဖွယ် ကောင်းတယ်။ အလားတူပဲ လက်မှတ်ထိုးထားတဲ့ အဖွဲ့ခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်။ အဲဒီ အပေါ်မှာလည်း ဆက်ပြီးတော့ ကြုံနေတဲ့ အခက် အခဲတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်။ သဘောတူညီမှု တွေလည်းရတယ်။ အဲဒီတော့ ဒါကတကယ်ကြီးမား တဲ့ ရလဒ်လို့မြင်တယ်။

တစ်နှစ်ကျော်လောက် ကြန့်ကြာနေတဲ့ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပနိုင် တယ်။ အဲဒီ အပေါ်မှာ နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ အရေး အကြီးဆုံး အချက်က ဒီညီလာခံကြီးရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်ဖြစ်တယ်။ သဘောထား ထုတ်ပြန်ချက်လည်း ဒီနေ့ညီလာခံမှာ တရားဝင် ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ အစိုးရ မျှော်မှန်းထားတဲ့ ၂ဝ၁၈ ထဲမှာ တစ်ကြိမ်၊ ၂ဝ၁၉ မှာ နှစ်ကြိမ် ညီလာခံ သုံးကြိမ် ကျင်းပ နိုင်အောင်ကြိုး ပမ်းမယ်။ အရေးကြီးတဲ့ ဒီမိုကရေစီ ဖက်ဒရယ်မူတွေကို ချမှတ်နိုင်အောင် လုပ်မယ်။ ဒီတော့ ကျွန်တော်တို့ ဖက်ဒရယ်အခြေခံမူတွေ ရမယ်ဆိုရင် နောင်လာမယ့်အစိုးရအတွက် ဆက်ပြီးတော့ လုပ်သွားလို့ရမယ်ဆိုတဲ့ ညီလာခံ တစ်ခုလုံးရဲ့ သဘောတူညီချက် ရယူနိုင်ခဲ့တယ်။ ဒါက နိုင်ငံရေးအရအနှစ်သာရရှိတဲ့ အချက်တွေပါ။

နိုင်ငံရေးအရ နိုင်ငံကို ဘယ်လိုအမည် သတ်မှတ်မလဲဆိုတာ အငြင်းပွားမှုတွေ အများကြီး ဖြစ်တယ်။ မနေ့က ည ၈ နာရီလောက်အထိ ရောက်သွားတယ်။ အဲဒီလိုဖြစ်တာကလည်း နိုင်ငံ အမည်တပ်ရင်း အဲဒီအချိန်အထိ ရောက်သွားတာ ပါ။ နောက်ဆုံးကျတော့ အဆင်ပြေသွားပါတယ်။ အဲဒီတော့ ကျား၊ မတန်းတူရေးကို ဆွေးနွေးရင်း နိုင်ငံအမည်သတ်မှတ်ရေးပါ တစ်ခါတည်း ပါသလို ဖြစ်သွားပါတယ်။ အဲဒီလိုဖြစ်တော့ နားချိန် တွေ ခဏယူပြီး အစုအဖွဲ့အလိုက် ပြန်ပြန်ပြီးတော့ ဆွေးနွေးနေရင်း နောက်ဆုံးမှာ အဆင်ပြေသွားပါ တယ်။ အဓိကအချက်ကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်NCA ဖြစ်လာတဲ့ နိုင်ငံရေး ဆွေးနွေးမှုလမ်းကြောင်းကို ဘယ်သူမှ မပျောက် စေချင်ဘူး။ ဒီဟာကို သင်ခန်းစာယူပြီးတော့ ဖက်ဒရယ်မူရဲ့ အဓိကအရေးကြီးတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် Constitution နဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ ခွဲမထွက်ရေးကိစ္စတွေကို ဒီညီလာခံပြီးတာနဲ့ လုပ်မယ်။ အဲဒါတွေပြေလည် သွားပြီဆိုရင် ကျန်တဲ့ စီးပွားရေး၊ လူမှုရေး စသဖြင့် ကဏ္ဍအသီးသီးက ပြေလည်သွားပြီ။ အဓိက ကတော့ အဲဒီတစ်ဆို့နေတာလေး တစ်ခုကြောင့် နည်းနည်းလုပ်ရကိုင်ရ ခက်နေတာ။ အရင်ဆုံး ဒီပြဿနာ ပြေလည်သွားပြီဆိုရင် အားလုံး ပြေလည်သွားပြီ။ နိုင်ငံရေး သဘောတူညီချက်တွေ ရသွားပြီဆိုရင် ကျွန်တော်တို့မျှော်လင့်တဲ့ ငြိမ်းချမ်းရေးရမှာပါ။

နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပထမတစ်ချက် အဓိကအရေးကြီးဆုံးက မူဘောင် (Framework)ပေါ့၊ မူဘောင်က အရင်တုန်းက စိတ်ကူးနဲ့မှန်းပြီး ဆွဲခဲ့ကြတာ။ နိုင်ငံရေးဆွေးနွေးပွဲတစ်ခါမှ မလုပ် ဖူးဘူး။ စာရွက်ပေါ်မှာရေးထားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲလုပ်ငန်းစဉ်က ပြီးခဲ့တဲ့ညီလာခံကျမှ ကျွန်တော်တို့တကယ်လုပ်ရတယ်။ လက်တွေ့မှာ မူဘောင်နဲ့ အဆင်မပြေတာတွေ၊ အခက်အခဲတွေ ရှိတယ်။ ကျွန်တော်တို့က ညီလာခံပြီးတာနဲ့ ပြန်သုံးသပ်တယ်။ ဒီညီလာခံမှာတော့ တစ်ဖက်နဲ့ တစ်ဖက် ကျေကျေလည်လည် ဆွေးနွေးတဲ့ ပုံစံမျိုး ဖြစ်တယ်။ တချို့ဟာတွေမှာ အခက်အခဲတွေ ရှိနေ သေးတယ်။ ဒီညီလာခံပြီးရင် ပြန်သုံးသပ်ပြီးတော့ ပြန်ပြင်မယ်။ နောက်လာမယ့် စတုတ္ထအစည်းအဝေး ကျရင်တော့ ဖြစ်နိုင်တဲ့၊ တော်တော်လေး ကောင်းကောင်းမွန်မွန်လုပ်နိုင်မယ့် မူဘောင် (Framework) ရမယ်။ နောက်တစ်ချက်ကတော့ အချိန်ဇယား (Time Frame) ပေါ့။ အချိန်ဇယား ကိုလည်း တိတိကျကျ သတ်မှတ် ထားတယ်။ UPDJC မှာလည်း အားလုံးသုံးသပ်ပြီးရင် စက်တင်ဘာလ ဆန်းမှာ ပြန်တွေ့မယ်လို့ သဘော တူထားပါတယ်။ အဲဒီလို အချိန်ဇယား တိတိကျကျ သတ်မှတ်ချက်တွေနဲ့သွားမယ်၊ ပြီးရင်တစ်ဖက် ကလည်း မူဘောင်တိတိကျကျ သွားမယ်ဆိုရင် ပိုပြီးထိရောက်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာမှာပါ။

အစိုးရကတော့ ဖြစ်နိုင်ခြေရှိတာ လက်တွေ့ ကျတဲ့ မျှော်မှန်းချက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောထားတယ်။ ညီလာခံ သုံးကြိမ် လုပ်မယ်။ ၂ဝ၁၉ အတွင်းမှာ ဖက်ဒရယ်အခြေခံ အရေးကြီးတဲ့ အချက်တွေ ပြတ်သွားပြီဆိုရင် ကျန်တာတွေက အေးအေးဆေးဆေးဖြစ်သွားပြီ။ အထူးသဖြင့် ဒီပြဿနာက ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်း များစွာကြာပြီ။ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ ပြဿနာတွေပေါ်မှာ တော်တော် များများ ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ဘူး။ မကိုင်တွယ်နိုင်လို့လည်း ဒီပြဿနာတွေ အဓွန့်ရှည်နေတာပါ။ အဲဒီတော့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေပြီ။ ဖြေရှင်း မယ့် နည်းလမ်းတွေကို ဝိုင်းပြီးစဉ်းစားနေပြီ။ နည်းလမ်းချင်း ထပ်တူမကျသေးတာပဲရှိတယ်။ အဲဒါတွေ ကျသွားပြီဆိုရင်တော့ နိုင်ငံရေးသဘော တူညီချက်တွေရသွားတဲ့ အနေအထားဖြစ်သွားရင် ဒီလက်နက်ကိုင်ပဋိပက္ခဆိုတာ ချုပ်ငြိမ်းသွားမယ်။ အဲဒီတော့ ကျွန်တော်တို့ မျှော်မှန်းတာက ဒီအစိုးရ သက်တမ်းကာလအတွင်းမှာ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာပေါ့။ ဖောင်ဒေးရှင်းခိုင်ခိုင်မာမာရှိ နိုင်ပြီလို့ မျှော်မှန်းတယ်။ ၂ဝ၁၉ အတွင်းမှာ ဖောင်ဒေးရှင်းချနိုင်ပြီဆိုရင် ၂ဝ၂ဝ မှာ အားလုံး တော်တော်များများ ကောင်းတဲ့အနေအထားကို ရောက်သွားပြီ။ အဲဒါဆိုရင် နောင်လာမယ့်အစိုးရ အတွက် အဆင်သင့်ဖြစ်နိုင်မယ့် အနေအထား ဖန်တီးသွားနိုင်မယ်။

NCA မထိုးသေးတဲ့ အဖွဲ့တွေနဲ့လည်း ဒီညီလာခံပြီးရင် ရက်ပိုင်းအတွင်းမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားပါမယ်။ ဆိုလိုတာ ကတော့ ဒီညီလာခံပြီးတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ချက်ချင်းစမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့ တွေ့နဲ့ တွေ့ဆုံဖို့အတွက်လည်း သဘောတူညီမှု တွေ ရထားပြီးဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးမှု တွေ ဆက်တိုက်လုပ်သွားမှာပါ။ ဘယ်နှဖွဲ့တွေ့မယ် ဆိုတာကတော့ အသေးစိတ် ထပ်မညှိရသေးပါဘူး။ မူအားဖြင့်တော့ သဘောတူညီထားပါတယ်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း
ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေး
ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယ အစည်း အဝေး ဒီနေ့ နောက်ဆုံးနေ့မှာ ပြည်ထောင်စုသဘောတူစာချုပ် အဖြစ်နဲ့ ကဏ္ဍငါးခုကနေ စုစည်းတဲ့ သဘောတူညီ ချက်တွေကို ညီလာခံမှာ လက်မှတ်ရေးထိုးကြ ပါမယ်။ ညီလာခံတက်ရောက်တဲ့ ကိုယ်စားလှယ် အားလုံးကလည်း ထောက်ခံပေးမယ်လို့ မျှော်လင့် တယ်။ ပြည်ထောင်စုသဘောတူစာချုပ်ဆိုတာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အင်မတန်မှ အရေး ကြီးတယ်။ ကျွန်တော်တို့ နိုင်ငံရေးလမ်းပြမြေပုံ အတိုင်း အဆင့်(၅)ကို ဆောင်ရွက်ခြင်းဖြစ်တယ်။

ဒီပြည်ထောင်စုသဘောတူစာချုပ်ကို ချုပ်ဆို နိုင်ရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံ ပြီးတော့ စုစည်းတည်ဆောက်ဖို့အတွက် အခြေခံ အုတ်မြစ်ကောင်းတစ်ခုရမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ UPDJC အစည်းအဝေး ဖွင့်ပွဲနေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပြောတဲ့ အတိုင်း ဒီနှစ်အတွင်းမှာ နောက်ထပ်တစ်ခါကျင်းပ ဖို့ ကြိုးစားမယ်။ ၂ဝ၁၉ မှာကျင်းပမယ်။ တကယ်လို့ ထပ်ကျင်းပလို့ မပြီးသေးဘူးဆိုရင် နောက် ၂ဝ၂ဝ မှာလည်း ကျင်းပမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တ နေတဲ့ ငြိမ်းချမ်းရေးလည်းရမယ်။ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေ တောင်းဆိုထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝ ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးလည်း ထူထောင်နိုင်မယ်။ အဲဒီလို ကျွန်တော်တို့ တိုင်းပြည်ကြီး ငြိမ်းချမ်းမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်က သဘာဝအားဖြင့် အင်မတန်ကြွယ်ဝ တဲ့ တိုင်းပြည်ဖြစ်တယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့်သာ ကျွန်တော်တို့တိုင်းပြည် ယနေ့အထိ မတိုးတက်နိုင်သေးတာ ဖြစ်တယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်။ ဖွံ့ဖြိုးရေး ဆောင်ရွက်မယ်။ တိုင်းပြည်ကြီးကို စည်ပင်သာယာ အောင်လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်အကြီးကြီး ထားပါတယ်။

ခွန်ကျော်စိန်
EAOs အကျိုးတော်ဆောင်

ကျွန်တော်ကတော့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ကဏ္ဍမှာ အကျိုးတော်ဆောင်အဖြစ် နဲ့ ဆောင်ရွက်ခဲ့တာပါ။ ဒီကနေ့ နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ ကျေကျေလည်လည် ဆွေးနွေးနိုင်ကြတဲ့ အတွက် အားရကျေနပ်မှုရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုနိုင်ငံရေးယဉ်ကျေးမှုကို တစ်ခါမှ အတွေ့အကြုံလည်း မရှိခဲ့ဘူး။ ဆွေးနွေးရတာ တော်တော်လေး အားရပါတယ်။ ပြည်သူ တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးကို အမြန် လိုချင်တယ်။ ငြိမ်းချမ်းရေးက လူတိုင်းနဲ့ သက်ဆိုင် တယ်။ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ နိုင်ငံဖွံ့ဖြိုး ရေးအတွက် အင်မတန်အထောက်အကူဖြစ်တဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေးဟာ လူထုအတွက် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း - ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ

Related Articles