ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဆွေးနွေးပွဲရလဒ်အပေါ် သဘောထားအမြင်များ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဆွေးနွေးပွဲရလဒ်အပေါ် သဘောထားအမြင်များ

Tue, 07/17/2018 - 11:32
Posted in:
0 comments

 

နေပြည်တော် ဇူလိုင် ၁၆

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဆဋ္ဌမမြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့သည်။ ယနေ့အစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ အခြေခံမူအဆိုပြုချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူအဆိုပြုချက် ၁ ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူအဆိုပြုချက် ၇ ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူအဆိုပြုချက် ၂ ချက် စုစုပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း ၂ အဖြစ် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့သည်။ အဆိုပါ သဘောတူညီချက်များနှင့် ဆွေးနွေးပွဲရလဒ်များအပေါ် ညီလာခံတက်ရောက်လာသူအချို့၏ သဘောထားအမြင်များကို တင်ပြလိုက်ရပါသည်-

ဦးဆန်နီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး
အထွေထွေအတွင်းရေးမှူး

(၂၁) ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးနဲ့ တတိယအကြိမ် အစည်း အဝေးကြားမှာ တစ်နှစ်ကျော်ကြာခဲ့ပြီးတော့ မှ ကျင်းပနိုင်တာဟာ ကောင်းတဲ့အလားအလာ လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်သယ်ဆောင် နိုင်တယ်။ အားလုံးရဲ့ဆန္ဒတွေနဲ့ ညီလာခံကို ကောင်းကောင်းမွန်မွန် ဆက်သွားနိုင်ပါတယ်။ ဒီနေ့ရရှိလာတဲ့ သဘောတူညီချက်တွေ နည်းနေတဲ့အပေါ်မှာတော့ အားရကျေနပ်မှု မရှိသေးဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကြီးက ဆက်သွားနေတယ်။ အားလုံးက ငြိမ်းချမ်းရေးကို လိုလိုလားလားနဲ့ ဆက်လက် လုပ်ဆောင်နေတဲ့ အတွက်တော့ အားရ ကျေနပ်မှု ရှိပါတယ်။ ဒီညီလာခံကြီးကနေ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို ဖော်ဆောင်ပေးမယ့် ပြည်ထောင်စုတစ်ရပ် ကို ဝိုင်းဝန်းတည်ဆောက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဒေါ်ခင်စောဝေ
ရသေ့တောင်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အခု တတိယအကြိမ် အစည်းအဝေးမှာ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်ဆိုတဲ့ အချက်တစ်ချက်ကို ဆွေးနွေးသဘောတူညီချက်ရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ သဘောတူညီချက်တွေ နည်းတဲ့အပေါ်မှာတော့ ဆန္ဒစောလို့ မရ သေးပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့် လာမှာပါ။ တိုင်းရင်းသားတွေဘက်ကတော့ ဆန္ဒစော ပါတယ်။ ကျွန်မတို့ လိုချင်တာက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပါ။ ဒါကို တိုင်းရင်း သားအားလုံးက လိုချင်တာပါ။ ခုထိတော့ အဲဒီအဆင့်ထိ မဆွေးနွေးရသေးပါဘူး။ ဒါပေမယ့် လာမယ့်နှစ်နှစ်အတွင်း ပြုလုပ်မယ့် အစည်းအဝေးတွေမှာ ဆက်လက်ကြိုးစား သွားရမှာပါ။ တိုင်းရင်းသားတွေမှာရော၊ နိုင်ငံရေးပါတီတွေမှာရော အမြင်မတူတာ တွေရှိနေပေမယ့် တစ်ဦးနဲ့တစ်ဦး အမြင် ကြည်ကြည်လင်လင်နဲ့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်မှ အောင်မြင်မှုရှိလာမှာဖြစ်ပါတယ်။

ဦးထွန်းနိုင်

ဒီလို ပင်လုံညီလာခံကျင်းပလာရာမှာ တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်လာတာကို မြင်ရပါတယ်။ ငြိမ်းချမ်းရေးလည်း တစ်စတစ်စ နီးလာပါပြီ။ ဒါဟာ ကျွန်တော်တို့ ကောင်းတဲ့ အလားအလာပါ။ ကျွန်တော်က စီးပွားရေး ကော်မတီအဖွဲ့မှာ UPDJCရဲ့ လုပ်ငန်း ကော်မတီအဖွဲ့မှာ ပါဝင်ပါတယ်။ သဘော တူညီခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြောရ ရင်တော့ ဒါဟာ သဘာဝကျတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ အားလုံးစိတ်ရှည်ရှည်နဲ့ ဆွေးနွေး ပြီးတော့ အားလုံးရဲ့ သဘောတူညီမှုယူခဲ့တာ ပါ။ သဘောမတူတာတွေကို ထားခဲ့။ နောက် တစ်ကြိမ်မှ ဆွေးနွေးမယ်။ ဒီတစ်ကြိမ်မှာ ဆွေးနွေး၊ အားလုံးသဘောထားကို ယူပြီးတော့ Union Accord ဝင်သွားအောင် ကျွန်တော်တို့ လုပ်တာဟာ သဘာဝကျတယ်။ ကောင်းလည်း ကောင်းတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါ တယ်။

ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီး ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ စီးပွားရေးလုပ်ကိုင်တဲ့နေရာမှာ ငြိမ်းချမ်းရေး ရှိမှသာ ပိုမြန်ဆန်မယ်။ အောင်မြင်မယ်လို့ ယူဆပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော် တို့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသားပြည်သူတွေဟာ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးဝိုင်းဝန်းကြိုးစားရင် လိုရာပန်းတိုင်ကို ရောက်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည် ပါတယ်။

ဒေါ်စောမြရာဇာလင်း

ကျွန်မတို့က အချက်တင်ပြနိုင်မှုမှာ ၁၄ ချက်ပဲ တင်နိုင်ခဲ့တယ်။ ဒီ ၁၄ ချက်ကို တင်ဖို့ ရာအတွက် ကျွန်မတို့က မနည်းကို ကြိုးပမ်းခဲ့ ရတယ်။ အစုအဖွဲ့တွေမှာလည်း ကြိုးစားခဲ့ရ တယ်။ ကဏ္ဍအလိုက်မှာလည်း ကြိုးစားခဲ့ ရတယ်။ ကျွန်မတို့ စီးပွားရေကဏ္ဍမှာဆိုရင် တစ်ချက်လေးပဲ ရှိတယ်။ တစ်ချက်လေးကို ရလာဖို့ ကျွန်မတို့ ခုနစ်ပတ်တိတိကို ဆွေးနွေး ခဲ့ရတယ်။ ဆွေးနွေးမှုဟာ အရင်ထက် အကြိတ်အနယ်ဖြစ်တယ်။ အကြိတ်အနယ် ဖြစ်သလို အကျေအလည်လည်း ဖြစ်တယ်။ ဒီလိုအကြိတ်အနယ်ဖြစ်ပေမယ့် ကျွန်မတို့ရဲ့ ရင်တွင်းခံစားချက်တွေကို ဖြေဆည်နိုင်ကြ တယ်။ ဒါဟာ တိုးတက်မှုပဲ။ EAOs အတွင်း မှာလည်း အကြိတ်အနယ် ဆွေးနွေးရတယ်။ အဖွဲ့အစည်းတွေ အတွင်းမှာလည်း အကြိတ် အနယ် ဆွေးနွေးရတယ်။ ပြီးခဲ့တဲ့ညီလာခံ တုန်းကဆိုရင် ကျွန်မတို့ အကျေအလည် မဖြစ်ဘူး။ ဒါပေမယ့် အခုညီလာခံက ရလာ တဲ့ အချက်တွေကို ကျွန်မတို့ အကျေအလည် ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီ ၁၄ ချက်ကို ဒီညီလာခံမှာ အတည်ပြုနိုင်ဖို့ ကျွန်မတို့ ဆုံးဖြတ်နိုင်ခဲ့ခြင်းဟာ အနာဂတ်ခရီးကို ရှေ့ကိုဆက်ဖို့အတွက် ညီလာခံရဲ့ကွင်းဆက် ဖြစ်တယ်။ ဒီလိုကွင်းဆက်မျိုးကို ကျွန်မတို့ သယ်သွားနိုင်ဖို့လိုတယ်။ အရင်ကဆိုရင် ဒီလောက် ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့ အနေအထား ကျွန်မ
တို့မှာ မရှိခဲ့ဘူး။ အခု ကတော့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က တောင်းဆို လာခဲ့တယ်။ ပြဿနာတွေကို စားပွဲဝိုင်းပေါ် မှာ ဆွေးနွေးရအောင် ကျွန်မတို့က တောင်းဆိုလာခဲ့တယ်။ စားပွဲဝိုင်းပေါ်ကို ရောက်လာခြင်းသည် ကျွန်မတို့ရဲ့ အောင်မြင်မှု တစ်ခုပဲ။

နောက်တစ်ခုက ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ အမျိုးသမီးတွေ ပိုမိုပါဝင် လာဖို့ဆိုတာ နောက်ထပ်ခေါင်းစဉ်တစ်ခုပါ။ ဒါလည်း အောင်မြင်မှုပါပဲ။ ဒါကြောင့် ကျွန်မ တို့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇ဝ ကျော် ကြာအောင် ပြောခွင့်ဆိုခွင့်မရှိဘဲ လုံးဝ ပိတ်ပင်ခဲ့တာဟာဆိုရင် ကျွန်မတို့နိုင်ငံအတွက် အမှောင်ကြီးကျနေခဲ့သလိုပဲ။ ဒီနေ့ ဒီအချိန် မှာတော့ ပြောနိုင်လာတဲ့ အဆင့်ရှိတယ်။ ဆိုနိုင်လာတဲ့အဆင့်ရှိတယ်။ ဆွေးနွေးနိုင်ခွင့် ရှိတယ်။ ကျွန်မတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဒီလိုနေရာမျိုးတွေမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလာနိုင်ခြင်းဟာ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ဟာ အဆင့်တစ်ဆင့်ကို ရောက်လာပြီဆိုတာ ဘယ်သူမှ ငြင်းလို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် မပြည့်စုံသေးပါဘူး။ နှစ်ပေါင်း ၇ဝ ကျော် ဖြစ်လာတာကို ဒီသုံး၊ လေးနှစ်မှာ ဘယ်ပြီး နိုင်ဦးမလဲ။ ဒါကြောင့်မို့ လက်လျှော့လို့မရဘူး။ အားငယ်နေလို့မရဘူး။ ဒီညီလာခံမှာ ၁၄ ချက်ရတယ်ဆိုရင် နောက်လာမယ့် ညီလာခံ မှာ အချက် ၂ဝ ရမလား၊ ၃ဝ ရမလား။ ဒါတွေကို ပေါင်းကြရမယ်။ တဖြည်းဖြည်း ပန်းဝင်ရတဲ့အဆင့်ကို ကျွန်မတို့ မငြီးငွေ့ဖို့ အရေးကြီးတယ်။

တွေ့ဆုံမေးမြန်း - အေဝမ်းစိုး
ဓာတ်ပုံ - သက်ထွေး

 

Related Articles