BETA : Zawgyi | English

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲ (တတိယနေ့) ကျင်းပ

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲ (တတိယနေ့) ကျင်းပ

Fri, 08/31/2018 - 11:45
Posted in:
0 comments

နေပြည်တော် ဩဂုတ် ၃၁

အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ ဖွဲ့စည်းမှုပုံသဏ္ဍာန်နှင့် ဖွဲ့စည်း တည်ဆောက်ပုံ၊ အခြေခံယူဆချက်များအပေါ် ဆွေးနွေးခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာများ စသည်တို့ကို ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။

စားပွဲဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး ဦးဇော်ဌေးက " အခု လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှု၊ ဖွဲ့စည်း တည်ဆောက်မှုပုံစံနဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေကို လက်ရှိဆွေးနွေးနေတာဖြစ်ပါတယ်။ အရင်က စိတ်ကူးနဲ့ ရေးဆွဲခဲ့တာတွေ ရှိပါတယ်။ တကယ့် န်ိုင်ငံရေး ဆွေးနွေးပွဲညီလာခံ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ သင်ခန်းစာတွေကို မူတည်ပြီး ကောင်းမွန်ထိရောက်တဲ့ မူဘောင်တစ်ခု ဖြစ်အောင်ရေးဆွဲဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့သည့် (၂၁)ရာစုပင်လုံ အစည်းအဝေး နောက်ဆုံးရက်မှာ လမ်းညွှန် သွားခဲ့ပါတယ်။"

"လမ်းညွန်ချက်နဲ့အညီ တစ်ချိန်တည်းမှာပဲ လက်ရှိအချိန်မှာ နိုင်ငံရေးပါတီတွေက လုပ်နေသလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပြန်လည်ဆန်းစစ်နေပါတယ်။ အလားတူပါပဲ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့အနေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ နိုင်ငံရေးဆွေးနွေးမှု၊ ဖွဲ့စည်းတည်ဆောက်မှုပုံစံ၊ ToR ၊ SOP တွေကို ပြန်လည် သုံးသပ်ပါတယ်။

ဒီလိုသုံးသပ်နိုင်ဖို့အတွက် ပထမဆုံးနေ့မှာ တောင်အာဖရိက ပညာရှင် မစ္စခရစ်စတီးနားကို ဖိတ်ခေါ်ပြီး တောင်အာဖရိက၊ ကင်ညာနှင့် ယီမင် နိုင်ငံတွေရဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ ဆွေးနွေးမှုပုံစံအမျိုးမျိုးနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို နှိုင်းယှဉ်ဖို့ ပညာရှင်ရဲ့ သဘောထားအမြင်ကို ရယူပါတယ်။ ပြီးတော့ ကျွန်တော်တို့ အစုအဖွဲ့မှာ ပြန်လည်ဆွေးနွေး သုံးသပ်ကြပါတယ်။"

"ဒီလို ပြန်လည်သုံးသပ်ကြရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးမှာ သဘောတူညီချက် တော်တော်များများရပါတယ်။ (၂၁)ရာစုပင်လုံတတိယအစည်းအဝေးမှာ သဘောတူညီချက် နည်းနည်းလေး လျော့သွားတဲ့အပြင် အရေးကြီးတဲ့ အချက်အလက်တွေ မရဘူး။ အဲဒီဖြစ်ရခြင်း အကြောင်းရင်းတွေကို ပြန်သုံးသပ်ကြတဲ့အခါမှာ အစုအဖွဲ့အားလုံက နံပါတ်(၁)အနေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ မူလကအတွင်းအရေးမှူး အဖွဲ့တွေက ခိုင်ခိုင်မာမာ အားကောင်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်းနဲ့ လုပ်နိုင်ခဲ့ကြပြီး တတိယအစည်းအဝေးမှာ လျော့သွားတာကို အားနည်းချက်တစ်ရပ်အနေနဲ့ တွေ့ပါတယ်။ အဲဒါကြောင့် အတွင်းရေးမှူးအဖွဲ့ရဲ့ အခန်းကဏ္ဍကို ပြန်လည်းသုံးသပ်ပြီး ပြင်ဆင် သင့်တာတွေပြင်ဆင်ဖို့ကို အားလုံးက သဘောတူပါတယ်။"

"နံပါတ်(၂)အချက်က နိုင်ငံရေးဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းလမ်းညွှန် ToR တွေ၊ လုပ်ထုံးလုပ်ငန်း SOP တွေကို ပိုပြီး တိတိကျကျ လုပ်နိုင်ဖို့ကို ဘုံအားဖြင့် သဘောတူညီခဲ့ပါတယ်။

နံပါတ်(၃)အချက်က ညီလာခံ ကျင်းပတဲ့ အခင်းအကျင်းပုံစံတွေမှာ လုပ်ငန်းကော်မတီရယ်၊ နည်းပညာကျွမ်းကျင်သူ အထောက်အကူပြုတွေရဲ့ အခန်းကဏ္ဍကိုလည်း ဆွေးနွေးပါတယ်။

နောက်တစ်ချက်က အစုအဖွဲ့အလိုက်တင်တဲ့ စာတမ်းတွေနဲ့ နိုင်ငံရေးဆွေးနွေးမှုက တတ်လာတဲ့ စာတမ်းတွေ ရှိပါတယ်။ ဒီစာတမ်းတွေကို နောက်ဆုံးတင်သွင်းရမယ့် နေ့ရက်သတ်မှတ်ထားခြင်းမရှိတဲ့ အတွက် ညီလာခံရောက်မှ ဒီစာတမ်းတွေ့မြင်ရပြီး ကြိုတင်ညှိနှိုင်းထားခြင်း မရှိတဲ့အတွက် အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ အဲဒီလိုအခက်အခဲတွေ တွေ့ရတဲ့အတွက် နိုင်ငံရေးဆွေးနွေး မှုမှာ အခက်အခဲ ဖြစ်ပါတယ်။ များသောအားဖြင့် ကြုံတွေတဲ့ အခက်အခဲတွေအပေါ်မှာ မူတည်ပြီး ဘယ်လိုပြုပြင် သင့်တယ် ဆိုတာကို ဝိုင်ပြီးဆွေးနွေးခဲ့ကြပါတယ်။" ဟု ပြောကြားသည်။

အလားတူ ဆွေးနွေးပွဲတွင်ပါဝင်သည့် နိုင်ငံရေးသုတေသီ ဦးကိုကိုလှိုင်က "ရှိတဲ့ မူဘောင်နဲ့ အလုပ်လုပ်ကြည့်တဲ့အခါမှာ လက်တွေ့ပိုင်းမှာ လုပ်ရကိုင်ရတာ အခက်အခဲလေး တွေရှိပါတယ်။ ဒါတွေကို ချောချောမွေ့မွေ့ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဝိုင်းဝန်းစဉ်းစား ကြတာဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဆိုတဲ့ သုံးခုကြားထဲမှာ ရင်းရင်းနှီးနှီး ဆွေးနွေးပြီး ဝိုင်းဝန်းအဖြေရှာကြပါတယ်။ တူညီတဲ့ရည်ရွယ်ချက်တွေက ဒီအစည်းအဝေးကြီးကို အောင်မြင်အောင်ဘယ်လို လုပ်ကြမလဲဆိုတာကို အားလုံးက လိုလိုလားလားနဲ့ ဆွေးနွေးတာ အင်မတန်ကောင်းပါတယ်။ အစိုးရဘက်ကလည်း အတက်န်ိုင်ဆုံး ကြိုးစားနေပါတယ်။" ဟု ပြောသည်။

ထို့အပြင် ၈၈ မျိုးဆက်သစ် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက "နိုင်ငံရေး မူဘောင်တွေကို ဒီအတိုင်းဆက် သွားမလား၊ ပြင်မလား၊ ပြင်ဆင်ဖြည့်စွက်မယ်ဆိုရင် ဘယ်အပိုင်းတွေက ပြင်ဆင်ဖြည့်စွက်ဖို့ လိုသလဲဆိုတာကို သုံးသပ်ဆွေးနွေးကြပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့က သုံးသပ်ဆွေးနွေးတဲ့ ပွဲဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ လုပ်ခဲ့တာ သုံးကြိမ်ရှိပါပြီ။ ယခင်ကထက်ပိုပြီး နည်းလမ်းတွေကို ရှာတဲ့အခါမှာ လက်ရှိဖွဲ့စည်းပုံအတိုင်းပဲ ထားရှိဖို့ အများစုက သဘောထား ပေးကြပါတယ်။ သို့သော် လက်ရှိဖွဲ့စည်းပုံကို သက်ဝင် လှုပ်ရှား နိုင်အောင် စွမ်းရည်မြှင့်ဖို့ လိုပါတယ်။ စွမ်းရည်မြှင့်အောင် အမျိုးသားအဆင့်န်ိုင်ငံရေးဆွေးနွေးမှုတွေကစပြီး အတွင်းရေးမှူး အဖွဲ့နဲ့ လုပ်ငန်းကော်မတီကလည်း စွမ်းရည်မြှင့်ဖို့လိုပါတယ်။" ဟု ပြောသည်။

ထို့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်(ခ)မောင်တင်သစ်က "ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ခရီးရောက်သင့်သလောက်၊ မရောက်ဘူးဆိုတဲ့ ဝေဖန်တဲ့ အသံတွေကို ကြားရပါတယ်။ ပြီးခဲ့တဲ့ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ပြန်ကြည့်မယ်ဆိုရင် ဒုတိယအစည်းအဝေး မှာ မဆွေးနွေးခဲ့တဲ့ အချက်တွေက တတိယအစည်းအဝေးအပေါ်ကို သက်ရောက်မှုရှိပါတယ်။ သဘောတူညီချက်မရသေးတဲ့ ကိစ္စတွေကို သဘောတူညီချက်ရအောင် ဆွေးနွေးကြမယ်ဆိုရင် ပထမဆုံး လိုအပ်ချက်က တကယ်ဆွေးနွေးချင်စိတ်နဲ့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးကြဖို့ လိုအပ် ပါတယ်။ မဆွေးနွေးဘဲနဲ့ ဘေးဖယ်ထားသမျှ ကျွန်တော်တို့ ရှေ့ဆက်တက်နိုင်မှာ မဟုတ်ပါဘူး။ သဘောတူညီချက် မရသေးတဲ့အချက်တွေကို အလေးအနက်ထား ဆောင်ရွက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့ရောက်မှာဖြစ်ပါတယ်။" ဟု ပြောသည်။

ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ပူးတွဲကော်မတီဝင်များနှင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့တို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

 

 

Related Articles