နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲကျင်းပ

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲကျင်းပ

Wed, 08/29/2018 - 11:45
Posted in:
0 comments

နေပြည်တော်၊ ဩဂုတ် ၂၉

အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေး ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပသည်။

စားပွဲဝိုင်းဆွေးနွေးပွဲတွင် UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးနှင့် ဦးဇော်ဌေး တို့က ဆွေးနွေးမည့် အစီအစဉ်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် လက်ရှိ အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး နှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ ဖက်ဒရယ်စနစ်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင် ပညာရှင် ပါမောက္ခ မစ္စခရစ်စတီးနား(Professor Christina Murray)က ၎င်း၏ တောင် အာဖရိက၊ ကင်ညာနှင့် ယီမင် နိုင်ငံများ၏ နိုင်ငံရေးဆွေးနွေး မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့မှု အတွေ့ အကြုံများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသူများက သိရှိလိုသည် များကို ပြန်လည် မေးမြန်း ဆွေးနွေးကြသည်။

တပ်မတော် အစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူ ဦးစစ်အေးက "အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတကာ နိုင်ငံရေး ဆွေးနွေး ပွဲတွေက သဘောတူညီချက်တွေရရှိဖို့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွန်ဖြတ်သန်းရပြီး ဘုံသဘော တူညီချက် ရရှိအောင် ဆောင်ရွက်ခဲ့မှု အတွေ့အကြုံတွေကို ဖလှယ်ခွင့်ရခဲ့ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့ပေမယ့်၊ အောင်မြင်မှုတွေရှိသလို မအောင်မြင်တာတွေလည်း ရှိပါတယ်။ တစ်ပိုင်း တစ်စ အောင်မြင် တာတွေလည်းရှိပါတယ်။ အဲဒီလိုအနေအထားကနေပြီး ဒီမိုကရက်တစ်အစိုးရ လက်ထက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ခဲ့ပါတယ်။"

"ဒီမိုကရက်တစ်အစိုးရ ဒုတိယသက်တမ်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံကို ဆက်ပြီးဆောင်ရွက်နေပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဘုံသဘော တူညီချက်တွေက ရှိ တုန်းပါပဲ။ အဲဒီတော့ နိုင်ငံတကာအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လို အားသာချက် ဖြစ်အောင်ဆောင်ရွက်မလဲဆိုတာကို ဒီသုံးရက် အတွင်းမှာ ဆွေးနွေးအဖြေရှာကြမှာဖြစ်ပါတယ်။" ဟု ပြောသည်။

ယနေ့ကျင်းပသည့် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ပူးတွဲကော်မတီဝင် များနှင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့တို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက် ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၃၀ ရက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ စားပွဲဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

 

Related Articles