(၅)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

(၅)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

Mon, 04/24/2017 - 14:05
0 comments

 

နေပြည်တော်   ဧပြီ  ၂၄

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  အကောင်အထည်ဖော်မှုဆိုင်ရာ  ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ဟိုတယ်ဇုန် ရှိ    သင်္ဂဟဟိုတယ်၌ကျင်းပရာ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်  တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့             ဒုတိယ တပ်မတော်        ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊    ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ဦးဆောင်အဖွဲ့ ခေါင်းဆောင်  ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင် များဖြစ်ကြသည့်ဒေါက်တာ နော်ကပေါ် ထူး၊ စိုင်းလ၊ ခိုင်စိုးနိုင်အောင်၊ ခွန်ဥက္ကာ၊ ပူးဇင်ကျုံး၊ ဦးသံခဲ၊ စောမိုရှေးနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်    အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်   ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည် က ယခုအစည်းအဝေးသည်   ပထမဆုံး ကျင်းပသည့်   JICM   အစည်းအဝေး ဖြစ်ပါကြောင်း၊    ပထမဦးဆုံးအနေဖြင့် စောမူတူးစေးဖိုးကို    ဂုဏ်ပြုချင်ပါကြောင်း၊  ကေအင်န်ယူမှ          တစ်နိုင်ငံလုံးဆိုင်ရာ  ညီလာခံကို            အောင်အောင်မြင်မြင် ကျင်းပသွားနိုင်သည့်အတွက် အင်မတန် ဝမ်းသာပါကြောင်း၊        ငြိမ်းချမ်းရေးနှင့်   ပတ်သက်သည့်  အစည်းအဝေးအားလုံး၏ အဓိကရည်ရွယ်ချက်မှာ        မိမိတို့နိုင်ငံ  ထာဝရငြိမ်းချမ်းရေးရရှိရန်ပင်        ဖြစ်ပါ ကြောင်း။

ဘယ်အပ်ိုင်းကိုပဲ ဆွေးနွေးဆွေးနွေး၊  ဘယ်ရှုထောင့် ကနေပဲ          ကြည့်ကြည့် နောက်ဆုံး    မိမိတို့၏    ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို        ဘယ်လိုပိုပြီး တော့    အောင်မြင်အောင်လုပ်နိုင်မလဲ၊ ပိုပြီးတော့  ချောမွေ့အောင်လုပ်နိုင်မလဲ၊ ပိုပြီးတော့ ထိရောက်အောင်လုပ်နိုင်မလဲ ဆိုသည့်  အတွေးအခေါ်များနှင့်  ရှိကြမည်ဟု   မျှော်လင့်ပါကြောင်း၊   အားလုံးက ပါဝင်မှ    ငြိမ်းချမ်းရေးဆိုတာ  ရနိုင်မှာ ဖြစ်ပါကြောင်း၊        အားလုံးကလည်း ကိုယ့်ဘက်က      ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဟုထင်သည့်     အတွေး အခေါ်၊ အမြင်များနှင့် တင်ပြကြမည်ဟု  မျှော်လင့်ပါကြောင်း၊ မိမိတို့၏  ရည်ရွယ် ချက်ပန်းတိုင်ကို မျက်ခြည်မပြတ်သွားနေ မည့် တစ်ချိန်တည်းမှာ မိမိတို့၏ ခြေလှမ်းများကလည်း   မှန်မှန်ကန်ကန်၊    တက်ညီ လက်ညီရှိရန်အတွက် အများကြီးလိုအပ် ပါကြောင်း၊  ယခုလို  အစည်းအဝေးများ ကို        လုပ်ရခြင်းမှာ      တစ်ယောက်နှင့်  တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေး နိုင်ရန်ဖြစ်ပါကြောင်း၊  ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်သည်ဆိုရာတွင် တစ်ယောက် နှင့်  တစ်ယောက် အချေအတင်ပြောပြီး  ရန်ဖြစ်ဖို့    မဟုတ်ပါကြောင်း၊    မိမိတို့ ဆွေးနွေးမှုအားလုံးသည်  မှန်ကန်သည့် စိတ်ဓာတ်၊   ဖြောင့်မတ်သည့်စိတ်ဓာတ် အပေါ်      အခြေခံရန်      မိမိရည်ရွယ်ပြီး ပြောခြင်းဖြစ်ပါကြောင်း။

မိမိတို့    အမြဲသင်ခဲ့ရသည့် အတိုင်း စကားဆိုသည်မှာ  သူခံသာသည့် စကား နှင့်  သူမခံသာသည့်   စကားဆိုတာရှိပါ ကြောင်း၊  ဒါပေမယ့် ပထမဦးဆုံး ဆုံးဖြတ် ရမည်မှာ စကားတစ်ခုသည် မှန်သလား၊ မမှန်သလားဆိုတာ ဆုံးဖြတ်ရမည်ဖြစ်ပါ ကြောင်း၊      ဒုတိယက  အကျိုးရှိသလား၊ မရှိဘူးလား၊ စကားတစ်ခုဟာ မှန်သလား မမှန်ဘူးလားဆိုတာ  တစ်ယောက်နှင့်  တစ်ယောက်    သဘောထားချင်းမတူပါ ကြောင်း၊  နောက်တစ်ခါမှာ မှန်သည်ဟု ဆုံးဖြတ်ပြီးလျှင်တောင်မှ          အကျိုးရှိ သလား၊  အကျိုးမရှိဘူးလားဆိုသည်ကို ဆင်ခြင်ရမည်ဖြစ်ပါကြောင်း၊   ငြိမ်းချမ်း ရေးအတွက်    ပြောသည့် အခါ   မှန်ကန် သည့် စကားများဖြစ်ရန်လိုသလို  အကျိုး ရှိသည့်     စကားများဖြစ်ရန်လည်း  လိုပါ ကြောင်း၊  တတိယနှင့်  စတုတ္ထအဆင့်မှာ သူခံသာသည့် စကားနှင့်  သူမခံသာသည့်  စကားဖြစ်ပါကြောင်း၊  ခံသာသည်၊  မခံ သာဘူးဆိုတာ  အများအားဖြင့်  လက်ခံ နိုင်သည်၊  လက်မခံနိုင်ဘူးဆိုသည့် ဘက် က စဉ်းစားရမည်ဖြစ်ပါကြောင်း၊ လက်ခံ နိုင်သည်၊    လက်မခံနိုင်ဘူးဆိုသည်မှာ အမြဲတစေ     မပြောင်းမလဲအခြေအနေ မဟုတ်ပါကြောင်း၊  တချို့စကားများသည် တစ်ချိန်က        လက်မခံနိုင်သော်လည်း နောင်တစ်ချိန်တွင်  လက်ခံနိုင်သည်ဟု  ဖြစ်လာမည်ဖြစ်ပါကြောင်း၊    ထို့ကြောင့် မိမိတို့ ယခုလို အစည်းအဝေးများ ကျင်းပ နိုင်ခြင်းဖြစ်ပါကြောင်း၊    အရင်တုန်းက တစ်ယောက်နှင့်  တစ်ယောက်   စကား မပြောခဲ့သည့်  အဖွဲ့အစည်းများ၊  ပုဂ္ဂိုလ် များ   ယခုလို  ထိုင်ပြီး ဆွေးနွေးနိုင်သည် ဆိုတာ တစ်ခါတုန်းက လက်မခံနိုင်သည့်  ကိစ္စ၊  အတွေးအခေါ်များ၊  အမြင်များကို ယခုလက်ခံနိုင်သည့်      အခြေအနေသို့  ရောက်လာပြီဆိုတာ ပြသခြင်းပင် ဖြစ်ပါ ကြောင်း၊  မိမိတို့အားလုံး၊  ယခု  အစည်းအဝေးသို့ တက်ရောက်လာသည့်  ပုဂ္ဂိုလ် များသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လို ပံ့ပိုးမလဲ၊        ဘယ်လိုတိုးတက်အောင် လုပ်ပေးမလဲ၊ ဘယ်လို အောင်မြင်အောင် လုပ်နိုင်မလဲဆိုသည့်   အတွေးအခေါ်များ ဖြင့်     ချဉ်းကပ်မည်ဟု    မိမိအနေဖြင့်   မျှော်လင့်ပါကြောင်း   ပြောကြားသည်။

ယင်းနောက်    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ယနေ့ကျင်းပသည့်     JICM အစည်းအဝေးသည်  လက်ရှိနိုင်ငံတော် အစိုးရ သက်တမ်းကာလအတွင်း ပထမ ဆုံးအကြိမ် ကျင်းပသည့်  အစည်းအဝေး ဖြစ်ပါကြောင်း၊      ယနေ့အစည်းအဝေး အပါအဝင်  ယခင်အစိုးရသက်တမ်းတွင် အစည်းအဝေး လေးကြိမ်ကျင်းပခဲ့ပြီး ဖြစ် ပါကြောင်း၊ ၂၀၁၆ ခုနှစ်  အောက်တိုဘာ ၁၅ ရက်က  ကျင်းပသည့်  Nationwide Ceasefire Agreement  ၏ နောက်ဆက်တွဲ      ပေါ်ပေါက်လာသည့်   အကောင်အထည်ဖော်ရမည့်    အစည်း ဝေး ဖြစ်ပါကြောင်း။

ယနေ့  တစ်နိုင်ငံလုံးတွင်  လူဦးရေ  ၁၀  ရာခိုင်နှုန်းသည်  ယနေ့အချိန်အထိ တိုက်ပွဲနယ်မြေထဲတွင်  ရှိနေပါကြောင်း၊ အလားတူ ၂၀  ရာခိုင်နှုန်းလောက်သည် လည်း  ပဋိပက္ခဖြစ်ပွားသည့်   နယ်မြေထဲ တွင် ရှိနေဆဲဖြစ်ပါကြောင်း၊ ၇၀ ရာခိုင်နှုန်း လောက်သာလျှင် NCA ၏  အကျိုးဆက် ကြောင့်   ငြိမ်းချမ်းရေးအသီးအပွင့်များ အချိန်တိုအတွင်း      ခံစားရရှိပြီးဖြစ်ပါ ကြောင်း၊    ကျန်ခဲ့သည့်     ၁၀  ရာခိုင်နှုန်း နှင့်  ၂၀ ရာခိုင်နှုန်းကို ၇၀ ရာခိုင်နှုန်းတွင် ပါအောင် တစ်နည်းအားဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအပြည့်အဝ      ရရှိအောင် ဆက်လက်ပြီး ကြိုးစားအကောင်အထည် ဖော်သွားရန် လိုအပ်ပါကြောင်း။

NCA တွင်ပါသည့်  အချက်အလက် များကို မည်မျှအထိ ဆက်လက်အကောင် အထည်ဖော်မည်ဆိုသည့်       အကောင် အထည်ဖော်မှုအပိုင်းသည် မိမိတို့အတွက် တန်ဖိုးရှိသည့်  အချက်ဖြစ်သည်ဆိုသည် ကို သတိပြုရန် လိုပါကြောင်း။

ငြိမ်းချမ်းရေးဆောင်ရွက်သည့် အခါ တွင်    တစ်ယောက်နှင့်     တစ်ယောက်၊ တစ်ဖက်နှင့် တစ်ဖက်၊    အဖွဲ့အစည်းများ အားလုံး        အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်း မှု၊    ပင်လုံစိတ်ဓာတ်နှင့်     ဆောင်ရွက်မှ

သာလျှင်    (၂၁)ရာစုအတွက်    မရှိမဖြစ် လိုအပ်သည့်     အချက်များဖြစ်သည်ဟု မှာကြားထားပြီး           ဖြစ်ပါကြောင်း၊ ထို့ကြောင့်  အဆိုပါအချက်များအပေါ် အခြေခံပြီး ဆက်လက်အောင်မြင်အောင် NCA တွင်  ပါဝင်သည့်   အချက်အလက် များအတိုင်း အောင်မြင်အောင် လုပ်ဆောင်သွားရန် ဖြစ်ပါကြောင်း။

တပ်မတော်အနေဖြင့်    ချမှတ်ပြီး ဖြစ်သည့်  ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ရှိပါ ကြောင်း၊   NCA  စာချုပ်တွင် ပါဝင်သည့်  အချက်အလက်များရှိပါကြောင်း၊ Code of Conduct ဟု ခေါ်သည့်  လိုက်နာရမည့် အချက်များ၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့်မူဝါဒများ      ရှိပါကြောင်း၊ ထိုအချက်များ      တစ်ဖက်နှင့် တစ်ဖက်၊ အဖွဲ့အစည်းအချင်းချင်း၊  လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း၊ ပြီးလျှင်အားလုံး ကိုယ့်အမြင်၊ သူ့အမြင်များနှင့်  ပတ်သက် ပြီး တိတိကျကျ လိုက်နာဆောင်ရွက်သွား မည်ဆိုပါက  လက်မှတ်ထိုးပြီး  အဖွဲ့များ အပြင် မထိုးရသေးသည့်  အဖွဲ့များလည်း  ထိုးလာနိုင်မည့်    အနေအထားဖြစ်ပါ ကြောင်း၊  မိမိတို့အားလုံး၊  ပြည်သူအားလုံး မျှော်မှန်းထားသည့်       ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးကိုလည်း အမြန်ဆုံး ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်  ဦးဆောင်အဖွဲ့ခေါင်းဆောင်  ကရင် အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ  စောမူတူး စေးဖိုးက      ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ သဘောသဘာဝအရ  Dialogue ပျောက်လျှင်  သာမန်နိုင်ငံရေး ဆွေးနွေးပွဲသာဖြစ်ပြီး  မကျေလည်မှုများ၏အဖြေ ကို  မထုတ်နိုင်ဘဲ   မလိုလားအပ်သည်    များမဖြစ်အောင်          ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊  မိမိတို့  လူမှုအဖွဲ့အစည်းများထဲတွင်  မတူကွဲပြားမှုများ  နက်နက် ရှိုင်းရှိုင်းရှိနေသည်ကို      သတိမမေ့သင့်  ပါကြောင်း။

တစ်ဖက်တွင်လည်း  Dialogue Spirit နှင့်   နိုင်ငံပြန်လည်ထူထောင်ရေး တွင် အမြင်မတူသည်များကို ညှိနှိုင်းမည့် တရားဝင်စင်မြင့်ရှိရန် လိုအပ်ပါကြောင်း၊  ယခု JICM တွင် ၎င်းတို့ကို အဖြေရှာရန် လိုမည်ဖြစ်ပါကြောင်း၊  သူ့အမြင်၊ ကိုယ့် အမြင်များကို        အသေကိုင်မထားဘဲ ဘုံသဘောထားများ  ရှာကြံကြရန်လိုပါ ကြောင်း။

NCA ကို ပေတံ အဖြစ်တိုင်းပါက အားလုံးက နည်းနည်း ချင်းစီဖြင့် စပြီးလွဲနေပြီးဖြစ်သည့် အတွက် ယင်းတို့ကို ယခုမပြင်ပါက ကြာလေပိုလွဲ လေ ဖြစ်နေမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို အားလုံးက လေးလေးနက်နက်ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း၊  ထို့ကြောင့် မိမိတို့ဘက်က NCA အကောင်အထည် ဖော်မှုကို ပြန်လည်သုံးသပ်ရန်၊ Bilateral Agreementကို ပြန်လည်သုံးသပ် ရန်၊  နှစ်ဖက်သဘောတူညီထားမှုများမှ ဆက်ရှိနေသေးသည်၊   လွဲချော်သွားပြီ ဆိုသည်ကို  ပြန်လည်သုံးသပ်ရန်လည်း တောင်းဆိုပါကြောင်း၊ JICM    မှ လမ်းညွန်ဆုံးဖြတ်ချက်ချ ပေးပါရန် တင်ပြ လိုပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် -

-ပြည်ထောင်စု     ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ  ဒုတိယ အစည်းအဝေးကျင်းပရန် နေ့ရက် သတ်မှတ်ခြင်းကိစ္စ၊

-ပြည်ထောင်စု      ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင်   အားလုံး လက်ခံနိုင်သော အခြေခံမူဝါဒ ဖော်ထုတ်နိုင်ရေးကိစ္စ၊-အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲ များ  မကျင်းပရသေး သော အဖွဲ့များ ဆိုင်ရာကိစ္စ၊

-JMC မှ အတည်ပြုထားသော Standard Operating Procedure (SOP)များအား JICMက အတည်ပြုခြင်းကိစ္စ၊

-JMC က တင်ပြသော ဆက်ဆံ ရေးရုံး ToRကိစ္စ၊

-ပစ်ခတ်တိုက်ခိုက်မှု      ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်း လမ်းညွန်တွင် JMCအဆင့်ဆင့် ၏ လုပ်ပိုင်ခွင့်များ ပြင်ဆင်ဖြည့်စွက်ခြင်းကိစ္စ၊

-ကြားကာလစီမံမှု     အစီအစဉ်ဆိုင်ရာကိစ္စ၊

-အပစ်ရပ်နယ်မြေ၊ အပစ်ရပ်ဒေသ သတ်မှတ်ရေးကိစ္စ၊

-တိုင်းရင်းသားဒေသများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို JCB သို့ တင်ပြ၍ ညှိနှိုင်းဆောင်ရွက် ရေးကိစ္စ၊

-ငြိမ်းချမ်းရေး   လုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုပါဝင်လာ ရေးကိစ္စ၊

-ချင်းပြည်နယ်တွင် JMC-S ဖွဲ့စည်းရေးကိစ္စ၊

-တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ   နှစ်ဖက် သဘာတူညီထားသော Bilateral Agreement စာချုပ်ပါ သဘောတူညီချက်များမှ ဆောင်ရွက်ရန်ကျန်ရှိသော  သဘော တူညီချက်များဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။

ယင်းနောက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်  ဦးဆောင်အဖွဲ့ခေါင်းဆောင်  ကရင် အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူး စေးဖိုးနှင့်   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်      ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့က      နိဂုံးချုပ်စကား      ပြောကြားကြ သည်။

ထို့နောက်        အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်   ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က        နိဂုံးချုပ် စကားပြောကြားရာတွင် အစည်းအဝေးကို တက်ရောက်လာကြတဲ့  ကိုယ်စားလှယ် များအားလုံးကို     ကျေးဇူးတင်ပါတယ်။

အခု    ဒီအစည်းအဝေးတစ်လျှောက်မှာ ဆိုရင်    အများကြီးဆွေးနွေးခဲ့ကြတယ်။   ကျွန်မ ဒီအစည်းအဝေးကို   အကျိုးရှိတယ် လို့ သတ်မှတ်ပါတယ်။  ဘာဖြစ်လို့  အကျိုး ရှိတယ်လို့       သတ်မှတ်သလဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောတဲ့နေရာမှာ  ပိုပြီး တော့တိုးတက်လာတယ်လို့    ကျွန်မတို့ မြင်ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘောမတူတာတွေ ရှိပါတယ်။ သဘော မတူချက်တွေကို  ပွင့်ပွင့်လင်းလင်း  ပိုပြီး တော့ပြောနိုင်တာကိုက   အတိုင်းအတာ တစ်ခုအထိ ယုံကြည်ချက်တည်ဆောက် ရေးဟာ အောင်မြင်လာတယ်လို့ ကျွန်မ ဒီလိုပဲ သတ်မှတ်ပါတယ်။

သဘောမတူခြင်းကို      တင်ပြနိုင် လောက်အောင်  ရန်မပွားဘဲနဲ့၊  အမုန်း မပွားဘဲနဲ့      တင်ပြနိုင်လောက်အောင် အခြေအနေ ရောက်လာနိုင်တယ်ဆိုတာ တိုးတက်မှုတစ်ခုပဲ။ဒါယုံကြည်ချက် တိုးတက်မှုတစ်ခုပဲလို့ ကျွန်မထင်ပါတယ်။ ကိုယ်မယုံကြည်တဲ့သူဆိုရင် ကိုယ့်စိတ်ထဲ မှာရှိတဲ့ဟာကို ဖော်ထုတ်ပြီးတော့ မပြော ချင်ဘူး။    ပြောလိုက်ရင်    ပြဿနာဖြစ် မလား၊  ပြောလိုက်ရင်  တို့ကိုတစ်မျိုးမြင် မလားစတဲ့      သံသယတွေ      များကြပါ တယ်။  ကျွန်မတို့  ဆွေးနွေးပွဲမှာ  မတူတဲ့ အမြင်တွေကို    ဖွင့်ဟပြီးပြောတာ  ရှိပါ တယ်။  နောက်  ကျွန်မတွေ့ရသလောက် ကတော့    အားလုံးကလည်း    သဘော မတူဘူးဆိုရင်        ယဉ်ယဉ်ကျေးကျေးနဲ့ သဘောမတူဘူးဆိုတာကို      ပြန်ပြော တာကို  သတိပြုမိပါတယ်။     ယဉ်ယဉ် ကျေးကျေးနဲ့၊      ရန်မဖြစ်ဘဲနဲ့    သဘော မတူပါဘူးလို့              ပြောနိုင်တဲ့ဟာက   သဘောတူညီချက်ရတဲ့          အဆင့်ကို ရောက်ဖို့       လမ်းဖွင့်ပေးလိုက်တယ်လို့ ကျွန်မဒီလိုပဲထင်ပါတယ်။

ငါပြောတာရမှ၊   ငါလိုချင်တာရမှ အလုပ်ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကနေ ပြောင်းလဲလာတယ်လို့      ကျွန်မဒီလိုပဲ မြင်ပါတယ်။ ကျွန်မအနေနဲ့ အခုအစည်း အဝေးဟာ   သဘောမတူတဲ့  ကိစ္စတွေ ဆွေးနွေးနိုင်ခဲ့ခြင်းကိုက အောင်မြင်ခြင်း တစ်ခုပဲလို့ ယူဆပါတယ်။ ဒီလိုအောင်မြင် ခြင်းအပေါ်မှာ    ထောက်ကြည့်ပြီးတော့ ပိုမိုပြီး  အောင်မြင်မှုရအောင်လို့  ကျွန်မ တို့အနေနဲ့  ကြိုးစားသွားမယ်လို့လည်း ဆုံးဖြတ်ပြီးသား  ဖြစ်ပါတယ်။  ကျွန်မတို့ ရည်မှန်းထားတဲ့  ဒုတိယအကြိမ်  ပင်လုံ ညီလာခံ      ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးမှာ အခုအကြိမ် ချလိုက်တဲ့    နားလည်မှုများ  တစ်ဦးပေါ် တစ်ဦး ပိုပြီးတော့ ယုံကြည်နိုင်မှာ၊ တစ်ဦး ကိုတစ်ဦး ပိုပြီးလေးစားတဲ့အခါ နားလည် မှုပေးနိုင်တာတွေအပေါ်မှာ  အခြေခံပြီး ထပ်ပြီး    အောင်မြင်မှုကို    ပြည်သူလူထု အားလုံးလိုလားနေတဲ့       ငြိမ်းချမ်းရေး ရအောင်    အများကြီးတိုးတက်မှုဖြစ်နိုင် မယ်လို့      ကျွန်မမျှော်လင့်ပါကြောင်း ပြောရင်း နိဂုံးချုပ်ပါတယ်ဟု ပြောကြား ခဲ့သည်။

၎င်းနောက်           နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်        အစည်းအဝေး သို့  တက်ရောက်လာကြသူများအားလုံး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ     ရိုက်ကူး ခဲ့ကြသည်။

ယနေ့ကျင်းပသော            JICM အစည်းအဝေး   သဘောတူညီချက်အရ ပြည်ထောင်စု  ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို မေ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။

Related Articles