တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

Sun, 10/15/2017 - 10:35
Posted in:
0 comments

နေပြည်တော် အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC – 1) တွင် ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများ ဖြစ်ကြသော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွှန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့ကြသည့် အသိသက်သေများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC – U) ကော်မတီဝင်များ၊ တစ်နိုင်ငံလုံး ပတ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထား သော ဧည်ြသည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားသည်။
ယင်းနောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) ၏ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာ အား UPDJC အဖွဲ့မှ ဦးရွှေမင်းက ဖတ်ကြားတင်ပြသည်။
အဆိုပါ UPDJC ၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတွင် UPDJC အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ ပထမအစည်းအဝေး ကျင်းပ ပြီးစီးသည့် နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲ များကို အောင်မြင်စွာ ဆက်လက်ကျင်းပနိုင် ရေးအတွက် နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်ပုံစံ (Structure) နှင့် ရှင်းလင်းချက်၊ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန် (ToR)၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကြီးကြပ်မှုကော်မတီ ToR , UPDJC ToR , အတွင်းရေးမှူးအဖွဲ့ ToR နှင့် လုပ်ငန်း ကော်မတီ ToR တို့ကို အတည်ပြုခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံးစတင် ကျင်းပနိုင်ရေး ဆိုင်ရာ သဘောထားများ ရေးဆွဲချမှတ်နိုင်ခဲ့ ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အားလုံးလက်ခံနိုင်သောအခြေခံ မူဝါဒများ ဖော်ထုတ်နိုင်ရေး ဦးတည်ပြီး ဦးစားပေးဆွေးနွေးရမည့်ခေါင်းစဉ်များအဖြစ် နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်၌ အခြေခံရမည့်မူများ၊ စီးပွားရေးကဏ္ဍတွင် ဖက်ဒရယ်စနစ် စီးပွားရေးဆိုင်ရာ အခြေခံရမည့်မူ များနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများ၊ လူမှုရေးကဏ္ဍတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင် ဖက်ဒရယ်စနစ်ကို အခြေခံသော မြေယာမူဝါဒ၏ အခြေခံမူများကို သတ်မှတ်ခဲ့ပါကြောင်း။
UPDJC မှ ချမှတ်ပေးထားသော အထက်ပါ အခြေခံလမ်းညွှန်မူများနှင့်အညီ ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ရည်မှန်း၍ တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောထားဆန္ဒများကို အခြေခံပြီး ပါဝင်သင့်သူ အားလုံးပါဝင်သည့် လူမျိုးအလိုက် ကျင်းပသော ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ၊ ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ၊ ပအိုဝ်း အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲများ၊ ဒေသလိုက်ကျင်းပ သော တနင်္သာရီ တိုင်းဒေသကြီး အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ရှမ်းပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနှင့်အကြောင်းအရာအလိုက်ကျင်းပသော အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်တို့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါကြောင်း။
လူမျိုးအလိုက်၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ အမြင် သဘောထားများကို စုစည်းပြီး တင်ပြလာသော နိုင်ငံရေးကဏ္ဍမှ စာတမ်းပေါင်း ၈ စောင်၊ စီးပွားရေးကဏ္ဍမှ စာတမ်းပေါင်း ၈ စောင်၊ လူမှုရေးကဏ္ဍမှ စာတမ်းပေါင်း ၂ စောင်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ စာတမ်းပေါင်း ၅ စောင်တို့နှင့် အစုအဖွဲ့ အသီးသီးတို့မှ တင်သွင်းလာသော စာတမ်းများကို အခြေခံပြီး UPDJC က ဖွဲ့စည်းတာဝန်ပေးထားသော ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ အစည်းအဝေးကို နှစ်ကြိမ်တိုင်တိုင်ပြုလုပ်နိုင်ခဲ့ကာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး မူဝါဒ အဆိုပြုလွှာများကို စိစစ်ရွေးချယ်ပြုစု၍ UPDJC သို့တင်ပြနိုင်ခဲ့ပါကြောင်း။
သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများက တင်ပြလာသော မူဝါဒ အဆိုပြုလွှာများကို စိစစ်သုံးသပ်ပြီး UPDJC အနေဖြင့် ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ဆွေးနွေးအတည်ပြု ပေးနိုင်ရေးအတွက် ဆက်လက်တင်သွင်းခဲ့ပါ ကြောင်း။
၆ ရက်တိုင် ကျင်းပခဲ့သည့် ညီလာခံကြီးတွင် UPDJC က တင်သွင်းခဲ့သော မူဝါဒ အဆိုပြုလွှာများကို အစုအဖွဲ့အလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးမူများကို အဆင့်ဆင့် ပြုလုပ်ကာ မူဝါဒ သဘောတူညီချက် စုစုပေါင်း ၃၇ ချက်ကို ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၁) အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံဒုတိယ အစည်းအဝေးတွင် အစုအဖွဲ့ အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ် ရေးထိုးနိုင် ခဲ့ကြပါကြောင်း။
UPDJC ကို စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ ယနေ့အထိ ပုံမှန်အစည်းအဝေး ၁၁ ကြိမ် ကျင်းပ နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပေးအပ်ထားသည့် အဓိကတာ ဝန်နှစ်ရပ်ဖြစ်သော နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်ကို ကြီးကြပ်လမ်းညွှန် တာဝန်ခံရန်စသည့် တာဝန်များကို ဆထက် ထမ်းပိုး ကြိုးပမ်း ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း။
UPDJC အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအလို့ငှာ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားရန်နှင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး များ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသား ရေးလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး အတူ တစ်ကွ စုပေါင်းဖော်ဆောင်ကြရန် တိုက်တွန်းရင်း အစီရင်ခံစာကို တင်သွင်းအပ်ပါကြောင်း ဖော်ပြထားသည်။
ထို့နောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Ceasefire Monitoring Committee – JMC) ၏ လုပ်ငန်း တိုးတက်မှုအစီရင် ခံစာအား JMC – U ဒုတိယဥက္ကဋ္ဌ အရပ်သားကိုယ်စားလှယ် စောမက်သယူးအေး က ဖတ်ကြားတင်ပြသည်။
JMC ၏ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆ်ိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် NCA ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန် ToR နှင့် နှစ်ဖက် လေးစားလိုက်နာရမည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (COC)၊ လုပ်ထုံးလုပ်နည်းများ (SOPs) နှင့် သဘောတူညီချက်များ အတိုင်းသာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအချိန်အထိ လုပ်ထုံးလုပ်နည်း ၁၆ ခု ရေးသားပြုစု နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
JMC ၏ လုပ်ငန်းတာဝန်များ အနေဖြင့် စောင့်ကြည့်ခြင်း၊ စိစစ်အတည်ပြုခြင်း၊ ပဋိပက္ခများအား ဖြေရှင်းခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းတို့ဖြစ်ပါကြောင်း၊ စောင့်ကြည့်ရေးလုပ်ငန်းများကို ပဋိပက္ခ ဒဏ်ခံစားနေရသည့် နယ်မြ ေဒေသရှိ နှစ်ဖက်လက်ခံသည့်ဒေသခံပြည်သူများက ဆောင်ရွက်လျက် ရှိပါကြောင်း၊ JMC သည် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပဋိပက္ခ ဒဏ်ခံစားနေရသည့် အရပ်သားများက တိုင်ကြားခြင်းနှင့် အငြင်းပွားမှုများအတွက် ဖြေရှင်းဆောင်ရွက်ပေးရာတွင် JMC ဆိုင်ရာ ပြဌာန်းချက်များအပေါ် ချိုးဖောက်မှုရှိခြင်း၊ မရှိခြင်းအား ကော်မတီဝင် အရပ်သား ကိုယ်စားလှယ် ဦးဆောင်သော စိစစ်အတည်ပြုရေးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ JMC အဆင့်ဆင့်၏ ကော်မတီအဖွဲ့ဝင် အရပ်သား ကိုယ်စားလှယ်များကလည်း အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ JMC ၏ လုပ်ငန်းစဉ်များအား ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင်များက လူထုတွေ့ဆုံပွဲ ၂၄ ကြိမ် ပြုလုပ်ခဲ့ရာ တက်ရောက်သူဦးရေ ၆၀၀၀ ခန့်ကို ရှင်းလင်းပြောကြားပေး နိုင်ခဲ့ပါကြောင်း။
JMC လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထား ပြီးဖြစ်သော JMC များတွင် နည်းပညာအထောက်အကူပြု ရုံးအဖွဲ့ဝန်ထမ်းများကို ခန့်အပ်ပြီး ရုံးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်စေလျက် ရှိပါကြောင်း၊ မိမိတို့ JMC ကော်မတီဝင်များနှင့် ရုံးအဖွဲ့ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်ပ ပညာရှင်များနှင့် နိုင်ငံတကာမှ လာရောက်လေ့လာ ဆွေးနွေးခြင်းများ ပြုလုပ်လျက် ရှိပါကြောင်း။
JMC ကော်မတီဝင်များနှင့် နည်းပညာ အထောက်အကူပြု ရုံးအဖွဲ့ ဝန်ထမ်းများအား စွမ်းရည် မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထို့အပြင် JMC ကော်မတီ အဆင့်ဆင့်မှ ကော်မတီဝင်များကို ငြိမ်းချမ်းရေး နှင့် သက်ဆိုင်သည့် ပြည်ပ လေ့လာရေး ခရီးများစေလွှတ်၍ မိမိနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် အထောက်အကူပြုနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် သိမ်မွေ့ခက်ခဲနက်နဲသည့် အသွင်သဏ္ဍာန် ဆောင်သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် JMC အနေဖြင့် စိတ်ရှည်သည်းခံ ခွင့်လွှတ်တတ်သည့် စိတ်ဓာတ်ကို မွေးမြူပြီး မလျှော့သော ဇွဲဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှု အခြေခံဖြင့် အတူတစ်ကွ ပူးပေါင်းညှိနှိုင်း အဖြေရှာ၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြထားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် သံတမန်များနှင့်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ JMC နှင့် UPDJC ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ နိုင်ငံရေးပါတီ၊ ယခင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC), အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (MPC)နှင့် အသိသက်သေ များနှင့် လည်းကောင်း၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် လည်းကောင်း စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ShareFacebookTwitterGoogle+

Related Articles