တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ

Sun, 10/15/2017 - 10:50
0 comments

နေပြည်တော် အောက်တိုဘာ ၁၅

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  လက်မှတ် ရေးထိုးခြင်း (၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးပြောကြားသည့် အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်  တကွနှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက် လာကြသော နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ နှင့်  ဧည့်သည်တော်များခင်ဗျား-

ယခုလို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုခြင်း နှစ်ပတ်လည် အခမ်းအနားတွင်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား အမှာစကားပြောကြားခွင့် ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုနိုင် ခဲ့တာ ဒီနေ့ဆိုရင် (၂)နှစ်တင်းတင်းပြည့်ပါပြီ။ ကျွန်တော်တို့အားလုံး တန်းတူရည်တူ ပူးပေါင်း ဆောင်ရွက်မှုဖြင့်  NCA စာချုပ်ကို ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်ဟာ ပြည်ထောင်စုကြီးတွင် လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ ယနေ့တိုင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအားလုံးကို ချုပ်ငြိမ်းစေနိုင်ရေးအတွက် နိုင်ငံရေး ပြဿနာများကို စစ်ရေးဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာပြီး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်  ကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်များက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်လက်မှတ်ရေးထိုးပြီး၊ ပြည်ထောင်စုကို အတူတကွ ထူထောင်ခဲ့ကြခြင်း ရည်ရွယ်ချက်ဟာ ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးများအားလုံး ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် လေးစားအသိအမှတ်ပြုကာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့်  ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုကြီးကိုအတူတကွ ထူထောင်ရေး ပဲဖြစ်ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအားလုံးငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး အတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး လွတ်လပ်ရေးကိုရအောင်ယူနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုကြီးကို လည်း ထူထောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်ကို ယနေ့အထိ အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ အထူးသဖြင့်ပင်လုံစာချုပ် အပိုဒ် (၅)မှာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးများကို အာမခံချက်ပေးထားတဲ့  နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို ယနေ့အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ပင်လုံစာချုပ် အပိုဒ် (၇)မှာ အာမခံချက်ပေးထားတဲ့ ဒီမိုကရေစီ အခွင့်အရေးများကိုလည်း ယနေ့တိုင် အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးများရဲ့အမြင်မှာ- ယနေ့တိုင်ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ကြီးဟာ ပင်လုံစာချုပ်ကို အပြည့်အဝ အကောင်အထည်မဖော်နိုင်သေးလို့ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်လို့ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ကြီးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးများတွင် ချုပ်ငြိမ်းအဆုံး သတ်နိုင်ရေး အတွက် NCA စာချုပ်ကိုလက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနေရခြင်းဖြစ်ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲများကို အဆင့်ဆင့် ကျင်းပနေတဲ့အခါမှာ - NCA စာချုပ်တွင် သဘောတူထားသည့် အဆင့်(၇) ဆင့် ပါရှိတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ NCA စာချုပ် ချုပ်ဆိုပြီး (၂)နှစ်အတွင်း ထိုစာချုပ်ကို အကောင်အထည်ဖော်နိုင်မှုကို ပြန်သုံးသပ်ရင် ကျွန်တော်တို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့် (JMC) ကို ဖွဲ့စည်းပြီး ပစ်ခတ် တိုက်ခိုက်မှုများကို ထိန်းသိမ်းလျှော့ချနိုင်ခဲ့ ပါတယ်။ ထို့နည်းတူ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)ကို ဖွဲ့စည်းပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကိုလည်း ကျင်းပပြီး ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း (၁)အဖြစ် သဘောတူညီချက် (၃၇)ချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ သောကြောင့်NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံအဆင့်(၅)ကို အောင်မြင်စွာ တက်လှမ်း နိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

ဒီလို NCA စာချုပ်ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပနိုင်ခဲ့သော်လည်း ကျွန်တော်တို့ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စိန်ခေါ်မှုများနှင့်  အားနည်းချက်များစွာ ရှိနေတယ် ဆိုတာကိုလည်း ကျွန်တော်တို့အားလုံးပကတိအတိုင်း လက်ခံရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်များထဲမှာ - JMC ကို ပြည်ထောင်စုအဆင့်နှင့် တချို့ ပြည်နယ်အဆင့်များမှာ ဖွဲ့စည်းနိုင်ခဲ့သော်လည်း NCA ကို လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒေသအချို့တွင် ပြည်နယ်အဆင့် JMC-S ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အတွက် JMC-S အဆင့်ဆင့်၏ လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အခက်အခဲများရှိနေပါတယ်။

ထိုနည်းတူ နိုင်ငံရေးဆွေးနွေးမှုကို ကြီးကြပ်လမ်းညွှန်နေသည့် UPDJC မှာလည်း အားနည်းချက်များစွာ ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အပြီးသတ် ပြင်ဆင်ရေးဆွဲနိုင်ခြင်းမရှိသေးသလို အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဦးဆောင်ကျင်းပမည့် ဒေသတိုင်းတွင် ကျင်းပနိုင်ခြင်းမရှိသေးပါ။ ထို့အပြင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ဖော်ပြထားသည့်အတိုင်း လူမျိုးအလိုက်၊ ဒေသအလိုက်၊အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။ဒါတွေဟာ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဟန့်အတားဖြစ်စေပါတယ်။

NCA စာချုပ်ကို အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် နေတဲ့အချိန်မှာ အဓိကအားနည်းချက်တစ်ခုက JICM အစည်းအဝေးကို ပုံမှန်ခေါ်ယူကျင်းပနိုင်ခြင်းမရှိတဲ့ ကိစ္စဖြစ်တယ်လို့ မြင်မိပါတယ်။NCA စာချုပ်အရ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည် ဖော်ရာတွင် JICM သည် အမြင့်ဆုံး အစည်းအဝေးဖြစ်ပါတယ်။ JICM က JMC နှင့်  UPDJC တို့ကို ဖွဲ့စည်းတာဝန်ပေး အပ်ထားတာဖြစ်သလို JMC နှင့်  UPDJC တို့မှာ မဖြေရှင်းနိုင်တဲ့ အရေး ကိစ္စများကို တာဝန်ယူဖြေရှင်းပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် JICM အစည်းအဝေးဆိုတာပြဿနာရှိမှ ကျင်းပတာမျိုးမဟုတ်ဘဲ ၎င်းရဲ့ TOB မှာဖော်ပြထားတဲ့အတိုင်း သုံးလတစ်ကြိမ် ပုံမှန်ကျင်းပပေးရန် လိုအပ်တဲ့အကြောင်းအလေးထားတင်ပြချင်ပါတယ်။ ဒီအားနည်းချက် အားလုံးကို ကျွန်တော်တို့ အမြန်ဆုံးပြင်ဆင်ရန်လိုအပ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုတာက နှစ်ပေါင်း (၇၀) နီးပါးကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေပြီး၊ ၁၉၄၇ ပင်လုံညီလာခံမှာမျှော်မှန်းခဲ့သည့်အတိုင်း ပြည်ထောင်စုကြီးကို ပြန်လည် ထူထောင်ရေးဟာ ကျွန်တော်တို့အားလုံးရဲ့ အဓိကပန်းတိုင် ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ချီတက်တဲ့ နေရာမှာ NCA စာချုပ်မှာပါတဲ့ နိုင်ငံရေးလမ်းပြ မြေပုံအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းသာလျှင် အကောင်းဆုံး နည်းလမ်းဖြစ်ပြီးပါဝင်သင့်သူများ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် NCA စာချုပ်ပါ သဘောတူညီချက်အတိုင်း တန်းတူရည်တူ ပူးတွဲအကောင်အထည်ဖော်နိုင်ရေးသည် တစ်ခုတည်းသော လမ်းကြောင်းဖြစ် ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

 

အားလုံးကိုကျေးဇူးတင်ပါတယ်။

 

Related Articles