ငြိမ်းချမ်းရေးဂီတပွဲတော် ကျင်းပမည်

ငြိမ်းချမ်းရေးဂီတပွဲတော် ကျင်းပမည်

Wed, 05/17/2017 - 11:05
Posted in:
0 comments

နေပြည်တော် မေ ၁၆

ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော သီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ရမည့် ငြိမ်းချမ်းရေးဂီတပွဲတော် (Peace Music Festival)ကို မကြာမီကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့အနေနဲ့ ဒီသီချင်းဆို ပြိုင်ပွဲကို အမျိုးသားပြန်လည်သင့်မြတ် ရေးနဲ့စည်းလုံးညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံ တစ်ဝန်းမှာ ကျင်းပဖို့စီစဉ်ဆောင်ရွက် နေခြင်းဖြစ်ပါတယ်'' ဟု မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အဆင့်သုံးဆင့်နဲ့ ယှဉ်ပြိုင်သွားမှာ ပါ။ မြို့ကြီး ၁ဝ မြို့မှာ ကျင်းပဖို့ လျာထားပါတယ်။ တစ်မြို့နယ် သုံးဦး နှုန်းကျန်မယ်။ နောက်ဒိုင်တွေ ကြိုက်နှစ်သက်တဲ့သူ ငါးဦး စုစုပေါင်း ၃၅ ဦးကို ရွေးချယ်မယ်။ အဲဒီကမှ နောက်ဆုံး ၁ဝ ဦးကျန်မယ်။ ၁ဝ ဦး မှာ ခုနစ်ဦးကတော့ နှစ်သိမ့်ဆုရပြီး ကျန်တဲ့သုံးဦးကတော့ ပထမ၊ ဒုတိယ၊ တတိယ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်ကို ပထမ အဆင့်အနေဖြင့် ဇွန်လမှ သြဂုတ်လ အထိ ရက်သတ္တပတ်တစ်ပတ်လျှင် တစ်မြို့နှုန်းဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ စစ်တွေနှင့် ကလေးစသည့် မြို့ကြီး ၁ဝ မြို့တွင် ကျင်းပရန် လျာထား ကြောင်း သိရသည်။

ဒုတိယအဆင့် ယှဉ်ပြိုင်မှုတွင် အသံစစ်ဆေးအောင်မြင်သည့် တစ်မြို့ လျှင် ပျမ်းမျှ သုံးဦးနှုန်းဖြင့် မြို့ကြီး ၁ဝ မြို့မှ ၃ဝ နှင့် အသံစစ်အဖွဲ့များက အထူးရွေးချယ်သူ ငါးဦး စုစုပေါင်း ၃၅ ဦးကို ယှဉ်ပြိုင်စေမည် ဖြစ်သည်။

နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုအနေဖြင့် ၁ဝ ဦး သီဆိုနိုင်စေရန် နာမည် ကြီး တေးသီချင်းရေးသားသူများထံမှ တေးသီချင်းအသစ်များကို ရေးသား ထားစေပြီး ငြိမ်းချမ်းရေးဂီတပွဲတော် Music Live Show ပွဲအဖြစ် နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေ တင်ဆက်မှုများ၊ နောက်ဆုံးအဆင့် စာရင်းဝင်သုံးဦးမှ တစ်ဦးချင်း၊ စုံတွဲ နှင့်အဖွဲ့လိုက် သီဆိုတင်ဆက်မှုများ၊ နောက်ဆုံးအဆင့် နှစ်ဦး၏ ယှဉ်ပြိုင်မှု များနှင့် ဆုချီးမြှင့်မှုများ ဆောင်ရွက် သွားမည်ဟု သိရသည်။

ဆုရပြိုင်ပွဲဝင်များအတွက် ဆုကြေး များကို ပထမဆု ငွေကျပ်သိန်း ၃ဝဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၂ဝဝ၊ တတိယဆု ငွေကျပ်သိန်း ၁ဝဝ၊ နှစ်သိမ့်ဆု တစ်ဦးလျှင် ငွေကျပ်သိန်း ၃ဝ နှင့် နှစ်သိမ့်ဆု ခုနစ်ဆု ပေးအပ် မည်ဟု လျာထားကြောင်း သိရသည်။

နောက်ဆုံး ဆုရွေးချယ်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအဆင့်ဆင့် ကျင်းပမှုများကို တိုက်ရိုက်ထုတ်လွှင့်နိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

 

Related Articles