ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ပထမ အစည်းအဝေး) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး ပြောကြားခဲ့သော ကြိုဆိုနှုတ်ခွန်းဆက်စကား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ပထမ အစည်းအဝေး) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး ပြောကြားခဲ့သော ကြိုဆိုနှုတ်ခွန်းဆက်စကား

Wed, 05/17/2017 - 11:11
0 comments

သြဂုတ်လ ၃၁ ရက်၊ ၂၀၁၆ ခုနှစ်

 

ဒီကနေ့လို ထူးခြားတဲ့သမိုင်းဝင်နေ့ထူးနေ့မြတ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုလျက် စကားပြောကြားခွင့်ရတဲ့အတွက် လွန်စွာဝမ်းမြောက်မိပါတယ်။ (၂၁)ရာစုပင်လုံညီလာခံကို ငြိမ်းချမ်းရေးရရှိဖို့ ကျင်းပတာပါ။ ငြိမ်းချမ်းရေးလိုချင် တာကတော့ မြန်မာနိုင်ငံကို လွတ်လပ်တရားမျှတပြီးဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ချင်လို့ပဲဖြစ်ပါတယ်။ လွတ်လပ်တရားမျှတပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တစ်ခုအဖြစ် မြင်လိုတဲ့အကြောင်းကတော့ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးဟာ ဒုက္ခပင်လယ်ဝေနေရတဲ့ အခြေအနေကနေ လူတန်းစေ့ပျော်ရွှင်အေးချမ်းစွာ နေထိုင်သင့်ပြီ လို့ ယုံကြည်လို့ပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ (၂၁)ရာစုပင်လုံညီလာခံကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေ ကို ဘာတွေဆွေးနွေးပါ၊ဘာတွေဆုံးဖြတ်ပါလို့ ပြောခွင့်မရှိပါဘူး။ ဒီနေရာကို ရောက်လာ ကြတဲ့သူတွေဟာ မိမိတို့အကျိုးအတွက်ဖြစ်စေ၊ ပါတီအတွက်ဖြစ်စေ၊ တိုင်းပြည်အတွက် ဖြစ်စေ အမျိုးမျိုးသော အကျိုးစီးပွားတွေအတွက် ငြိမ်းချမ်းရေးညီလာခံကြီးကို အရောက် လာခဲ့ကြတာပါ။ ကျွန်တော်တို့ တွေ့ဆုံစကား ပြောကြတော့မှာပါ။ကျွန်တော်တို့ တွေ့ဆုံ စကားပြောတဲ့အခါမှာ ရိုးသားမှု၊ဖြောင့်မတ်မှန်ကန်မှု၊ အပြန်အလှန်လေးစားလိုက်နာမှု၊ မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရား စတာတွေကို လက်ကိုင်ထားပြီးပြောဆိုဆွေးနွေး ကြမှသာ ကျွန်တော်တို့ရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး လူတန်း စေ့ ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်မယ့် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်မှာပါ။

လွတ်လပ်ရေးရပြီးခါစ စတင်ပြီး တောက်လောင်ခဲ့တဲ့ပြည်တွင်းပဋိပက္ခတွေကြောင့် ဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ဒေသခံပြည်သူလူထုဟာ ဆိုးရွားခါးသီးလှတဲ့ ဘဝတွေကို ခံစားကြုံတွေ့ခဲ့ရပါတယ်။ အဆိုးရွားဆုံး ရလဒ်ကတော့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင် ကြတဲ့ လူ့အသိုက်အဝန်းအသီးသီးမှာညီအစ်ကို မောင်နှမအကြား ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ထူထောင်မယ်ဆိုရင် အပြန်အလှန် နားလည်ယုံကြည်မှု မရှိဘဲဆောင်ရွက်လို့ မရပါဘူး။ အခုကျင်းပမယ့် (၂၁)ရာစုပင်လုံညီလာခံရဲ့ အနှစ်သာရဟာ အပြန်အလှန် ဆွေးနွေး ဖလှယ်ကြရင်းတစ်ဦးကိုတစ်ဦး အပြန်အလှန်ယုံကြည်မှုများ၊ နားလည်မှုများ တိုးပွားလာ ခြင်းပဲ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ယုံကြည်မှုတည်ဆောက်ရာမှာ ပါးစပ်နဲ့တင် ကတိကဝတ်ပေးလို့ မဖြစ်နိုင်တော့ပါဘူး။ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ ယုံကြည်မှုတွေ ရေရှည်ခိုင်မြဲဖို့ဆိုရင် တစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာ၊ အခွင့်အရေး၊ တာဝန်ဝတ္တရား၊ တန်းတူညီမျှခြင်း စတာတွေကို ဥပဒေနဲ့အညီ အခိုင်အမာ အာမခံချက်ရှိအောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလို ယုံကြည်မိလို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင် ထူထောင်ခဲ့တဲ့အချိန်ကတည်းက ဖက်ဒရယ်ပြည် ထောင်စုစနစ်ကို ကျွန်တော်တို့ ထပ်ခါထပ်ခါ ပြောနေကြတာဖြစ်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုစနစ် ထွန်းကားလာမှသာဒေသအသီးသီးမှာနေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံ သားတွေဟာ တရားဥပဒေစိုးမိုးရေးနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်စားသောက် လုပ်ကိုင်နိုင်ကြမှာပါ။

ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့အပါအဝင်မြို့ပေါ်ကျေးလက်နေ ပြည်သူတွေ အားလုံးဟာ တရားဥပဒေစိုးမိုးရေးအောက်မှာ နေထိုင်ခွင့်မရှိခဲ့ဘဲ သေနတ်သံတွေ၊ အကြောက်တရားတွေအောက်မှာ နေထိုင်ကြီးပြင်းခဲ့ကြရပါ

တယ်။ သေနတ်တစ်ချက် ဖောက်လိုက်တာဟာ လူ့အသက်တစ်ချောင်းဆုံးရှုံးသွားရုံတင် မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းတစ်ခုအတွင်းက တရားဥပဒေစိုးမိုးမှု၊ အေးချမ်းသာယာမှု၊ ဖွံ့ ဖြိုးတိုးတက်မှုတွေကိုပါ ပေးဆပ်လိုက်ရတာပါ။ ရလဒ်ကတော့ကျွန်တော်တို့အားလုံး အောက်တန်းနောက်တန်းကျခဲ့ရပါတယ်။ကျွန်တော်တို့ နိုင်ငံသားတွေဟာ တစ်ပါးနိုင်ငံမှာ မျက်နှာငယ်ငယ်နဲ့ ဒုက္ခပင်လယ်ဝေနေရပါတယ်။ အမျိုးသမီးငယ်တွေဟာ နှိပ်စက်အနိုင် ကျင့် ခံနေရတယ်။ လူငယ်တွေအတွက် ပညာရေးတိုးတက်နိုင်ရန် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှု ကင်းမဲ့ခဲ့တဲ့အတွက် သူတို့ဟာ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်တွေဖြစ် နေကြရပါတယ်။ လိုရင်းပြောရရင် အပစ်အခတ်ရပ်စဲဖို့ လိုပါတယ်။

တိုက်ပွဲတွေကို ဆွေးနွေးပွဲတွေအဖြစ် ပြောင်းလဲလိုက်ပါ။စစ်မြေပြင်မှာ တိုက်ခိုက်ကြမယ့် အစား ညီလာခံအတွင်းမှာအပြန်အလှန်လေးစားမှုနဲ့ ဂုဏ်သိက္ခာရှိစွာ အပြင်းအထန် အငြင်းပွားကြပါ၊ ညှိနှိုင်းအဖြေရှာကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဆွေးနွေးညှိနှိုင်း အဖြေရှာတယ်ဆိုတဲ့သဘောက တစ်ဦးတစ်ဖွဲ့တည်းရဲ့ ဆန္ဒတွေကိုပဲ ရှေ့တန်းတင်ထားလို့ မရဘူးဆိုတဲ့အဓိပ္ပာယ်ပါ။ လိုအပ်ချက်အမျိုးမျိုး၊ ဆန္ဒအထွေထွေရှိ နေတဲ့ အခြေအနေမျိုးမှာ မိမိလိုအင်ဆန္ဒတွေ အကုန်လုံး ပြည့်ဝချင်မှပြည့်ဝပါမယ်။ ဇွဲရှိရှိ၊ စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်ရပါမယ်။ ဒီဇွဲ၊ဒီစိတ်ရှည်သည်းခံမှုဟာ မိမိတို့တစ်ဖွဲ့၊ တစ်ဒေသ ကောင်းကျိုးတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတော်အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံ နိုင်ငံသားတိုင်းရဲ့ လူမှုလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုမဖြစ်မနေရရှိအောင် ဆောင်ရွက်မယ်ဆိုတဲ့ ဇွဲ၊ ဒီနိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင် ရေးကို အာမခံတဲ့အခြေခံအခွင့်အရေးတွေ တန်းတူရရှိလာတဲ့အထိ ညှိနှိုင်းဆောင်ရွက်ကြ မယ်ဆိုတဲ့ စိတ်ရှည်မှုမျိုးကို ဆိုလိုတာပါ။

(၂၁) ရာစုပင်လုံညီလာခံကျင်းပတယ်ဆိုတာ နိုင်ငံတော်ထူထောင်ရေးမှာ ဒေသအသီးသီး က ဒေသခံခေါင်းဆောင်တွေအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးပါတဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ခု ပေါ်ထွန်းလာခြင်းဖြစ်တယ်လို့ ရှုမြင်ပါတယ်။ ကချင်ရိုးရာစကားပုံ တစ်ခုလည်း “လူသုံးဦးညီရင်ပင်လယ်ရေကိုတောင် အကုန်ခပ်ထုတ်နိုင်တယ်”လို့ ဆိုပါ တယ်။ လူသုံးဦးဆိုတာက “မယု” “ဒါမ” “ကဖူကနောင်”ကိုပြောတာပါ။ လူအားလုံး ပါဝင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဆိုလိုတာကအားလုံးပါဝင်ပြီး စိတ်သဘောထား ညီညွတ် စွာ ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်အေးချမ်းစွာ လုပ်ကိုင် စားသောက်နေထိုင်နိုင်တဲ့ အခြေအနေကောင်းတွေကို ကျွန်တော်တို့ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းရာမှာ စည်းလုံးညီညွတ်မှုအားနဲ့ ဆောင်ရွက်ရမယ်ဆိုတာ တော့ ဘယ်သူမှမငြင်းပါဘူး။ဒါပေမယ့် နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင် တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မိမိက ဘယ်လိုကဏ္ဍမျိုးမှ၊ဘယ်လိုနေရာမျိုးဆိုမှ ပါဝင်မယ်ဆိုတာထက် ဘယ်လိုအနေအထားမျိုးဖြစ်ပါစေ၊ နိုင်ငံသူ နိုင်ငံသားအရေ အတွက် မိမိတို့ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ထားမျိုးထားနိုင်ဖို့လည်းအရေးတကြီး လိုအပ်ပါတယ်။

ဒေသအသီးသီးက ဌာနခေါင်းဆောင်များဟာ မိမိတို့ရပ်ရွာဒေသအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ကိုယ်ပိုင်ချမှတ်နိုင်ရုံသာမက နိုင်ငံတော်အတွက်အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေကို ချမှတ်ရာမှာ ပါဝင်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကိုကြိုဆိုပါတယ်။ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရဟာ မိမိကံကြမ္မာမိမိဖန်တီးနိုင်ခွင့်ရရှိရေးပဲဖြစ်ပါတယ်။ မိမိ ကံကြမ္မာကို မိမိဖန်တီးချင်တာဟာ ဒေသတစ်ခုရဲ့ကိစ္စကို ဒေသခံတွေက ဆုံးဖြတ်ခြင်း ဟာ အကောင်းဆုံးပဲလို့ ယုံကြည်လို့ပဲဖြစ်ပါတယ်။ ဒေသခံဆိုတာ လူမျိုးစုအကြီး၊ အလတ်၊ အငယ်အစရှိတဲ့ ဒေသတွင်းနေထိုင်နေတဲ့ တစ်ဦးချင်းကို ဆိုလိုပါတယ်။ ဒါ့ကြောင့် ဒေသခံခေါင်းဆောင်များဟာ မိမိတို့ပါတီ၊ မိမိတို့အစုအဖွဲ့ အကျိုးတစ်ခုတည်း ကိုမကြည့်ဘဲ ဒေသတွင်း နေထိုင်သူအားလုံးပျော်ရွှင်အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်တဲ့ အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ဖို့ကို အဓိကထားပြီး တွေးတော လုပ်ကိုင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို တည်ထောင်လိုခြင်းရဲ့အခြားအနှစ်သာရတစ်ခုကတော့ တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ချင်လို့ပဲဖြစ်ပါတယ်။ ငြိမ်းချမ်း ရေးနဲ့အတူ နိုင်ငံတွင်းမှာရှိတဲ့ ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့ အခါမှာ ဖွံ့ဖြိုးမှုအားကောင်းတဲ့ ဒေသတွေကဖွံ့ဖြိုးမှုအားနည်းနေတဲ့ဒေသတွေကို ဖေးမ ကူညီရမှာဖြစ်ပါတယ်။ ဒါမှသာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်ထောင်စုသားတစ်ဦးချင်းစီဟာ ပျော်ရွှင်အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်တဲ့ဘဝတွေ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးကို တန်းတူရရှိကြမှာ ဖြစ်ပါတယ်။

နိုင်ငံသားတိုင်း တန်းတူညီမျှစွာ အခြေခံအခွင့်အရေးတွေကို ခံစားနိုင်အောင် ဆောင်ရွက် နိုင်မှသာ ဒေသအသီးသီးကမျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပြီး နိုင်ငံတော်ရဲ့ အနာဂတ်ကို သူတို့လက်ထဲ ကျွန်တော်တို့ စိတ်ချလက်ချ ပေးအပ် နိုင်မှာပါ။ အဲ့ဒီလို ဒေသအသီးသီးက စွမ်းရည်ထက်မြက်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ပေါ်ထွန်းလာမှသာကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ သူရဲကောင်းမျှော်နေရတဲ့ ဒုက္ခက ကင်းဝေးမှာ ဖြစ်ပါတယ်။ မမျှတမှုတွေ၊ တရားမဲ့မှုတွေ၊လက်နက်ပဋိပက္ခတွေနဲ့ပဲ ဆက်လက်စခန်းသွားကြမယ်ဆိုရင်သူရဲကောင်း (သို့မဟုတ်) ကယ်တင်ရှင် မျှော်နေရင်း နဲ့ပဲကျွန်တော်တို့အားလုံးရဲ့ အနာဂတ်ဟာ ဗုန်းဗုန်းလဲနေပါလိမ့်မယ်။ နိုင်ငံသူ နိုင်ငံ သားတွေဟာလည်း ဘယ်သောအခါမှပျော်ရွှင်အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင် တဲ့ ဘဝကို ရရှိမှာမဟုတ်ပါဘူး။

ကျွန်တော်က နိုင်ငံသူ နိုင်ငံသားတွေ အေးချမ်းပျော်ရွှင်စွာလုပ်ကိုင်စားသောက်နိုင်တဲ့ အခြေအနေကိုပဲ မျှော်လင့်ချင်ပါတယ်။ ကျွန်တော်တို့ သူရဲကောင်းတွေကို မမျှော်လင့်ချင် တော့ပါဘူး။ ဂျာမာန်ပြဇာတ်ရေးဆရာ၊ ကဗျာဆရာကြီး Bertolt Brecht ရေးသားခဲ့တဲ့ Life of Galileo ပြဇာတ်ထဲမှာ ဇာတ်ကောင် Andreau “Pity the country that breeds no hero” “သူရဲကောင်းမရှိတဲ့ တိုင်းပြည်ဟာ သနားဖို့ကောင်းတယ်”လို့ ပြောပါတယ်။ ဒါကို ဇာတ်ကောင် Galileo ကဘယ်လိုတုံ့ပြန်ပြောကြားသလဲဆိုတော့ “No, Andrea Pity the country that needs  a hero” “သူရဲကောင်းကို လိုအပ်နေတဲ့ နိုင်ငံကသာ သနားဖို့ကောင်းတာပါလို့” တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဒီကနေ့ဒီအချိန်ကစလို့ အခုရရှိလာတဲ့ အခွင့်ကောင်းတွေကို အကျိုးရှိစွာ အသုံးချရ ပါမယ်။ ပဋိပက္ခတွေကို အဆုံးသတ်လိုက်ပါ။ ကျွန်တော်တို့အတွက် သူရဲကောင်းတွေ၊ ကယ်တင်ရှင်တွေ မလိုအပ်တော့ပါဘူး။ ကျွန်တော်တို့ရဲ့အားနဲ့ ကျွန်တော်တို့ပင်လယ်ရေ ကို အကုန်ခပ်ထုတ်လိုက်ပါ့မယ်။ တန်းတူညီမျှတဲ့လွတ်လပ်ပြီး တရားမျှတမှုကို အလေး ထားတဲ့ မြန်မာနိုင်ငံတော်အသစ်ကို ထူထောင်နိုင်ဖို့ နိုင်ငံသူ နိုင်ငံသားတိုင်း ပျော်ရွှင် အေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ဖို့ ကျွန်တော်တို့အချင်းချင်း ဒီကနေ့ ဒီနေရာ မှာ အကျေအလည်ညှိနှိုင်းဆောင်ရွက်ကြပြီး လှပကောင်းမွန်တဲ့ နိုင်ငံတော်ကို ကျွန်တော် တို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် အတူတကွ ဖန်တီးပေးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

Related Articles