BETA : Zawgyi | English

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ပထမ အစည်းအဝေး) တွင် ကေအိုင်အို ဒုတိယဥက္ကဌ အင်ဘန်လ ပြောကြားခဲ့သော ကြိုဆိုနှုတ်ခွန်းဆက်စကား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ပထမ အစည်းအဝေး) တွင် ကေအိုင်အို ဒုတိယဥက္ကဌ အင်ဘန်လ ပြောကြားခဲ့သော ကြိုဆိုနှုတ်ခွန်းဆက်စကား

Tue, 05/16/2017 - 11:22
0 comments

 

သြဂုတ်လ ၃၁ ရက်၊၂၀၁၆

 

ကြွရောက်လာကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအသီးသီးမှကိုယ်စားလှယ်များအပါအဝင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နှင့်တကွ နိုင်ငံတကာမှ အစိုးရသံအရာရှိများ၊ က္ဘာ့ မိသားစုများနဲ့ တစ်သီးပုဂ္ဂလများ အားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နံနက်ခင်းပါလို့ ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါ တယ်။

ဒီနေ့ဟာဖြင့် ကျွန်တော်တို့ တိုင်းပြည်အတွက် ရှည်ကြာလှပြီဖြစ်တဲ့ စစ်ရဲ့ အနိဋ္ဌာရုံတွေကို သင်ပုန်းကားချပြီး ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တ တောင်းဆိုနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်အတူတကွ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့အတွက် ရည်သန်ပြီး ငြိမ်းချမ်းရေးအစပျိုးဖို့စုစည်းကြတဲ့ နေ့တစ်နေ့လို့ပြောရပါမယ်။ ဒါကြောင့် မြန်မာပြည်သမိုင်းမှာ ထူးကဲတဲ့နေ့ထူးနေ့မြတ် ဖြစ်တာကြောင့်မို့ ညီလာခံ တက်ရောက်လာသူအားလုံးကို နွေးထွေးစွာ ကြိုဆိုပါကြောင်းနဲ့ ဒီညီလာခံဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကြိုးပမ်းဆောင်ရွက်ကြသူ အားလုံးကို လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပဏာမပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ တိုင်းရင်းသားညီအစ်ကိုတွေ စုံညီစွာတစ်ဖန်ပြန်ပြီး စုရုံးတွေ့ဆုံကြတဲ့ ဒီညီလာခံနဲ့ ပတ်သက်ပြီး အနည်းငယ်ပြောလိုတဲ့ အကြောင်း တွေရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ တိုင်းပြည်ကြီးကို လွတ်လပ်ရေးရရှိအောင်ဆောင်ကြဉ်းပေးခဲ့တဲ့ ပင်လုံ သဘောတူညီချက်နဲ့ ပတ်သက်တဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒီပင်လုံသဘောတူညီချက်ကို အကြောင်းပြုပြီး ခုတစ်ခါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံဆိုပြီး ဒီညီလာခံကို ကျင်းပတာဖြစ်တဲ့အတွက် ၁၉၄၇ ခုနှစ်က ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေး ကိုဆောင်ကြဉ်းပေးခဲ့တဲ့ ပင်လုံသဘောတူညီချက်ကို အစွဲပြုပြီး ဒုတိယ အကြိမ် ပင်လုံညီလာခံကို ကျင်းပတယ်လို့ ကျွန်တော့်ရဲ့စိတ်ထဲမှာ ခံစားရပါတယ်။ ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပင်လုံသဘောတူညီချက်ဟာ ဟိုတုန်းက ရှိခဲ့တဲ့အခြေအနေ အောက်ကနေ ဖော်ဆောင်ခဲ့တာဖြစ်သလို ခုတစ်ကြိမ်မှာလည်းမတူကွဲပြားတဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင ်ဖော်ဆောင် ကျင်းပတယ်လို့ နားလည်ပါတယ်။

ဒါကြောင့် ဟိုတုန်းကထားရှိခဲ့တဲ့ ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိကဝတ်နဲ့ ချုပ်ဆိုခဲ့တဲ့ ပင်လုံသဘောတူညီချက်စာချုပ်တွေဟာ အားလုံးကပါဝင်ပြီး သဘော တူညီ ချမှတ်၊ လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်းဘဲ တိုင်းရင်းသားအားလုံးအတွက် ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့အတွက် မျှော်လင့်ထားသလို ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် မဖော်ဆောင်နိုင်သေးတာကလွဲရင် လွတ်လပ်တဲ့တိုင်းပြည်တစ်ခုအဖြစ် က္ဘာ့အလယ်မှာ ထည်ဝါ တင့်တယ်စေခဲ့တာကိုတော့ အားလုံးက ငြင်းကွယ် လို့မရတဲ့ သမိုင်းမှတ်တိုင်တစ်ခုဆိုတာကိုတော့ အသိပေးလိုပါတယ်။

ဟိုတုန်းက ကျွန်တော်တို့ပြောခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ စုဖွဲ့ပြီး အေးအတူ၊ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့ဖြစ်သလိုပဲ အခုကျွန်တော်တို့ပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဟာလည်း ခွဲထွက်ရေးမဟုတ်ဘူးဆိုတာကို ပြောလိုတယ်။ တစ်ခုပဲပြောလို တာကတော့ တန်းတူရည်တူ၊အေးအတူ၊ ပူအမျှ ယှဉ်တွဲနေထိုင်နိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက်၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘယ်လိုအပြန်အလှန်အသိအမှတ်ပြုကြပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြ မယ်၊မျှဝေခံစားကြမယ်၊ ပူးပေါင်းဆောင်ရွက်ကြ မယ်ဆိုတဲ့ သာစေ၊ နာစေမဟုတ်တဲ့ ညီအစ်ကိုမောင်နှမစိတ်ဓာတ် (သို့မဟုတ်) ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြဖို့တော့ အလွန်အရေးကြီးပါတယ်။ ဗမာမဟုတ်တဲ့ ကျွန်တော်တို့တိုင်းရင်းသားတစ်တွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ် နေကြ တာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာပြုခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင် အထည် မဖော်ခဲ့ကြလို့ ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲ ဆိုတာကို ပြောလိုပါတယ်။

ဒါကြောင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိကဝတ်၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံပြီး ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်လာတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံဆောင်ကြဉ်းပေးမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက် အခုစတင်ကျင်းပပြုလုပ်တဲ့ ညီလာခံကနေရှေ့ဆက်ညီလာခံတွေမှာ ပင်လုံစိတ်ဓာတ်၊ ကတိကဝတ်နဲ့ သဘောတူညီချက်တွေကို ယုတ်လျော့ ပျက်ပြယ် တိမ်းစောင်းမှေးမှိန်စေခြင်း အလျဉ်းမရှိစေဘဲ အထူးသတိချပ်ပြီး ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ချက် ချမှတ်အကောင်အထည်ဖော် ဆောင် ရွက်ကြဖို့  အလွန်အရေးကြီးပါမယ်။ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို ဆောင်ရွက်ကြတဲ့ နေရာမှာ စိတ်ရှည်သည်းခံခြင်း၊သဘောထားကြီးခြင်း၊ နားလည်မှု ရှိခြင်း၊ ယုံကြည်မှုရှိခြင်းနဲ့ ခွင့်လွှတ်တတ်ခြင်းတို့ကို အခြေခံဖို့လည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ အားလုံးဟာ မတူကွဲပြားတဲ့ သမိုင်းအခြေခံ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ယုံကြည် ကိုးကွယ်မှုနဲ့ ဘာသာစကားတွေကနေ လာကြတာဖြစ်တဲ့အတွက် အပေါ်ကပြောခဲ့တ ဲ့စိတ်ရှည်သည်းခံမှု၊ သဘောထားကြီးမှု၊ ယုံကြည်မှုနဲ့ အပြန်အလှန် အသိအမှတ် ပြုမှုတွေဟာ မရှိမဖြစ် လိုအပ်မှာဖြစ်ပါတယ်။ဒီအချိန်ဟာ သယံဇာတ ပြွေါကယ်ဝပါ လျက်နဲ့ ဆင်းရဲမွဲတေနေတဲ့ ကျွန်တော့်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အတူတကွ အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်ကြဖို့ အဆောတလျင်လိုနေပြီမို့ ကျွန်တော့် အနေနဲ့ ကဗျာတွေ၊ စာတွေ သီကာပတ်ကုံးပြောမနေဘဲ ရိုးရှင်းစွာ လိုရင်းတိုရှင်းပဲ ပြောလိုပါတယ်။

ဒီနေရာမှာ ပြောလိုတာကတော့ အားလုံးတန်းတူရည်တူအခြေခံအောက်မှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ညှိနှိုင်းအဖြေရှာ ဆွေးနွေးကြဖို့နဲ့ ပြည်သူလူထု တစ်ရပ်လုံး အကျိုး စီးပွားကို ရှေ့တန်းတင် ပူးပေါင်းလုပ်ဆောင်ကြဖို့က ပိုအရေးကြီးပါတယ်။

ဒါကြောင့် နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ဒီညီလာခံဟာ ဖွင့်ပွဲအခမ်းအနား သာသာ ဖြစ်တယ်ဆိုပေမယ့်ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် ပထမခြေလှမ်း အစပျိုးမှုဖြစ်တာကြောင့် နောင်အဆက်ဆက် ပြုလုပ်ကျင်းပမည့် ညီလာခံတွေအတွက် သေချာ စေ့စပ်စေဖို့ ခင်းကျင်းပေးတဲ့ လမ်းကြောင်း အစလည်း ဖြစ်ပါတယ်။ ဒီအစပျိုးမှုဟာလည်းကောင်းမွန်တဲ့ အစပျိုးပြု မှုဖြစ်ပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Related Articles