ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ပထမအစည်းအဝေး) တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သော ကြိုဆိုနှုတ်ခွန်းဆက်စကား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ပထမအစည်းအဝေး) တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သော ကြိုဆိုနှုတ်ခွန်းဆက်စကား

Tue, 05/16/2017 - 11:26
0 comments

သြဂုတ်လ ၃၁ ရက်၊ ၂၀၁၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံးရဲ့ကောင်းမွန်ပြည့်စုံတဲ့ အနာဂတ်ဖော်ဆောင်နိုင်ရေးအတွက် ဆွေးနွေးချမှတ်ကြမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အခမ်းအနားကြီးမှာ ယခုလို နှုတ်ခွန်းဆက်စကားပြောကြားခွင့်ရတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ အခမ်းအနားကို တက်ရောက်လာကြသူ များ အားလုံးနဲ့ ပြည်ထောင်စုသားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး “နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ”လို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရရှိခဲ့တာဟာ ယခုဆိုရင်၆၈ နှစ်ကျော်ခဲ့ပြီဖြစ်လို့ လူ့သက် တမ်း တစ်ခုနီးပါးတိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီအချိန်ကာလနဲ့ ညီမျှတဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု မရရှိသေးတာကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။ အကြောင်းရင်းကို ဆန်းစစ်ကြည့်မယ်ဆိုရင် “ပြည်တွင်းငြိမ်းချမ်းရေး” တစ်နည်း အား ဖြင့် တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ တည်ငြိမ်အေးချမ်းမှုမရှိသေးခြင်းဟာ အဓိက ကျတဲ့ အကြောင်းအရာတစ်ရပ်ဖြစ်တယ်ဆိုတာ ငြင်းကွယ်လိုမရတဲ့ အရှိတရား ပဲဖြစ်ပါ တယ်။ ဒီအတွက်လည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်း ဆောင်များက ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ချမှတ်ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများ ကွဲပြားခြားနားကြသော်လည်း “တစ်မျိုးသားလုံး ခိုင်မာတဲ့ စည်းလုံး ညီညွတ်မှုတည်ဆောက်နိုင်ရေး”အတွက် အစဉ်တစိုက်ဦးတည်ကြိုးပမ်းလုပ်ဆောင်ခဲ့ကြ တာပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပြီးပြည့်စုံတဲ့ စုစည်းညီညွတ်မှုနဲ့ တည်ငြိမ် အေးချမ်းမှုကို မတည်ဆောက်နိုင်သော်လည်း ခေတ်ကာလအလိုက် ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးကြိုးပမ်းမှု ရလဒ်မှတ်တိုင်များကိုတော့ အသီးသီး စိုက်ထူနိုင်ခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပနိုင်ခဲ့ခြင်းနဲ့ ဒီကနေ့အခမ်းအနားကြီးကျင်းပပြုလုပ်နိုင်ခြင်းတို့ဟာလည်း လက်ရှိ လျှောက်လှမ်းနေတဲ့ပါတီစုံဒီမိုကရေစီခေတ်ကာလ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ကြိုးစားအားထုတ်မှုများရဲ့ အောင်မြင်မှုရလဒ်များပဲ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက် တကြွ်ကစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါ တယ်။ယုံကြည်ချက်၊ ခံယူချက်နဲ့ သဘောထားအမြင်တွေ ဘယ်လောက်ပဲ ကွဲပြားခြားနား နေပါစေ “ငြိမ်းချမ်းရေးကို မဖြစ်မနေရယူလိုစိတ်” အပေါ် အရင်းခံပြီး ကျွန်တော်တို့ ခိုင်ခိုင်မာမာရပ်တည်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စစ်ရဲ့အနိဋ္ဌာရုံတွေ၊ မငြိမ်းချမ်းမှုရဲ့ ဆိုးကျိုးတွေကို ပင်ပန်းဆင်းရဲမှု၊ သွေး၊ ချွေး၊အသက်ခန္ဓာပေးဆပ်မှုတွေ၊ ဘဝတွေနဲ့ ရင်းပြီး တိုက်ရိုက်ခံစားရသူတွေဟာ ကျွန်တော်တို့ တပ်မတော်သားများနဲ့ တိုင်းရင်းသား လက်နက်ကိုင် ညီနောင်သားချင်းတွေပဲ ဖြစ်ပါတယ်။

ဒါတွေကို ကျွန်တော်တို့လက်ထက်မှာ နိဋ္ဌိတံအဆုံးသတ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ဒီလုပ် ငန်းစဉ်ကြီးကို ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်မှုစွမ်းအားနဲ့ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မယ်လို့လည်း အလေးအနက် ယုံကြည်ပါတယ်။ ဒီအတွက် ကြောင့် တပ်မတော်အနေနဲ့ “ငြိမ်းချမ်းရေးကို မဖြစ်မနေရယူလိုစိတ်”အပေါ် အရင်းခံပြီးခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်နေကြောင်းထပ်လောင်းပြောကြားလိုပါတယ်။

လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ မှာလည်း တပ်မတော်အနေနဲ့ဒို့တာဝန်အရေးသုံးပါးအပေါ် အခြေခံပြီး နိုင်ငံရဲ့ပကတိ လိုအပ်ချက်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ ဖြိုး တိုးတက်ရေး မူဝါဒ (၃) ရပ်အပေါ်မှာရပ်တည်ပြီး အဖွဲ့အစည်းမျိုးစုံနဲ့ လက်တွဲပူးပေါင်း ပါဝင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီလုပ်ငန်းရပ်များအောင်မြင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားပါမယ်။ ဖြစ်နိုင်သည်များအားလုံးလည်း ညှိနှိုင်းဆောင်ရွက် သွားပါမယ်။တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ဟာဆိုရင်လည်းကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်းတစ်လျှောက်မှာ တွေ့ကြုံသိမြင်ခံစား ခဲ့ရတာ တွေကို လက်ရှိအခြေအနေတွေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်တားတာဖြစ်လို့ နှစ်ဖက်စလုံး က လိုက်နာလုပ်ဆောင်သင့်တဲ့ အခြေခံ အချက်အလက်များပဲဖြစ်ပါတယ်။ ဒီမူဝါဒတွေကို နှစ်ဦးနှစ်ဖက်ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ အထောက်အကူပြုသည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ပိုမိုခိုင်မာအားကောင်းစေမှာပဲ ဖြစ်ပါတယ်။

ယခုကျင်းပပြုလုပ်တဲ့ ညီလာခံကြီး ဖြစ်မြောက်လာဖို့အတွက် လူပုဂ္ဂိုလ်မျိုးစုံ၊ အဖွဲ့ အစည်းပေါင်းစုံတို့ဟာ အချိန်၊လုပ်အား၊ ငွေကြေးများစွာသုံးစွဲပြီး တွေ့ဆုံညှိနှိုင်းမှု၊ ဆွေးနွေးမှုတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ကြိမ်ဖန်များစွာ လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အဖွဲ့ အစည်းအသီးသီးရဲ့မတူကွဲပြားခြားနားတဲ့ ရပ်တည်ချက် များ၊ သဘောထားအမြင်များနဲ့ လိုလားချက်ဆန္ဒများစွာတို့ကို အကြိမ်ကြိမ်အခါခါ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ လက်ရှိအခြေအနေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဖွဲ့ အစည်းအသီးသီးမှာသတ်မှတ်ထားတဲ့ ရည်မှန်းချက်၊ ချမှတ်ထားတဲ့မူဝါဒရပ်တည်ချက် တွေရှိကြမှာပဲ ဖြစ်ပါတယ်။

ဒါတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ ဆန္ဒနဲ့ဘဝ တစ်ထပ် တည်း မကျနိုင်တာတွေလည်းရှိပါလိမ့်မယ်။ အဲဒီအခါမှာ ဖြတ်သန်းခဲ့ရတဲ့ သမိုင်း ကြောင်း၊ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ အတွေ့အကြုံများ၊ အမျိုးသားရေးစရိုက်လက္ခဏာများ၊ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးအခြေအနေများ၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေအပေါ်မူတည်ပြီး ဖြစ်နိုင်တာ၊ ဖြစ်သင့်ဖြစ်ထိုက် တာတွေ ကို မှန်မှန်ကန်ကန် သုံးသပ်လုပ်ဆောင်ကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ခိုင်မာစွာထူထောင်နိုင်ဖို့ ဒီမိုက ရေစီယဉ်ကျေးမှုနဲ့ ကျင့်စဉ်များကို ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီးကတည်းက အရှိန် အဟုန်နဲ့ ဆောင်ရွက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက် လှမ်းဖို့အတွက် ၂၀၁၁ ခုနှစ်မှာ ကတည်းက ပြည်သူကရွေးချယ်တဲ့ အစိုးရထံကို စနစ်တ ကျလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ယခုဆိုရင် ပထမ (၅) နှစ်သက်တမ်းကို လွန်မြောက်လို့ ဒုတိယ (၅)နှစ် သက်တမ်းကိုဆက်လက်လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း လိုအပ်ချက်များကိုနိုင်ငံရေးလမ်းကြောင်းအရ တစ်နည်းအားဖြင့် အစိုးရ၊လွှတ်တော် လမ်းကြောင်းများကသာ ဒီမိုကရေစီနည်းလမ်းတကျ တောင်းဆိုရယူကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ အခြေခံမူများဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ဆန္ဒဖော်ထုတ်ခွင့်နဲ့ အသင်းအဖွဲ့များဖွဲ့စည်းခွင့် စတာတွေကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေနိုင်ပြီဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီနည်းလမ်းတကျ လုပ်ကိုင် ဆောင်ရွက်နိုင်ပြီဖြစ်တဲ့အခြေအနေအချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင် တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင် လမ်းစဉ်ကိုဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေး ဖော်ဆောင်ဖန်တီးနေတာမျိုး တွေဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာကို အလေးအနက်သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယခုအခါမှာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပါတယ်။ဒီလမ်းကြောင်းဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေးချယ် လျှောက်လှမ်းခြင်းဖြစ်ပြီး ဒီစနစ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ခိုင်ခိုင်မာမာရှိဖို့လိုပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ က္ဘာ့နိုင်ငံတချို့ရဲ့ ဖြစ်ပေါ်မှုများအပေါ်မှာ သင်ခန်းစာရယူပြီး ကျွန်တော်တို့နိုင်ငံဟာ တည်ငြိမ်အေးချမ်းစွာနဲ့ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင် ဖို့ လိုပါတယ်။

ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စိုးရိမ် ပူပန်မှုကိုလည်း နားလည်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ဆန္ဒက တိုင်းရင်းသား ပြည်သူအားလုံးအတွက် ညီညွတ်မျှတတဲ့ လူမှုစီးပွားဘဝလုံခြုံရေးနဲ့ အာမခံချက် ရရှိရေး ဟာ အဓိကဖြစ်ပါတယ်။ အေးချမ်းစွာနေထိုင်ပြီး ကောင်းမွန်စွာလုပ်ကိုင် ဆောင်ရွက် နိုင်ခြင်းဖြင့် မိမိဘဝတိုးတက်ရန်ဖြစ်ပါတယ်။ ပြည်နယ်ကြီး/ငယ်၊ ဒေသကြီး/ငယ်၊ လူဦးရေများခြင်း/နည်းခြင်း၊ သယံဇာတများခြင်း/နည်းခြင်း၊ လူမှုစီးပွားကွာခြားခြင်းတို့ အပေါ် အခြေခံမှု လုံးဝမပြုလုပ်ဘဲ တိုင်းရင်းသားအားလုံးညီညွတ်မျှတတဲ့ အကျိုးခံစား ရဖို့ ဆောင်ရွက်ကြရပါမယ်။ ကွဲပြားခြားနားမှုမရှိ ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် အချိန်တော့ ပေးရပါလိမ့်မယ်။ မိမိတို့လိုလားချက်ကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြရပါမယ်။

ဒီနေ့ကျင်းပတဲ့ညီလာခံကြီးဟာ လပေါင်းများစွာ အချိန်ယူဆောင်ရွက်ခဲ့တဲ့ ညှိနှိုင်းဆွေး နွေးမှုတွေ၊ တွေ့ဆုံမှုတွေနဲ့အကြိမ်ကြိမ် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခဲ့ခြင်းရဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။ အခုအချိန်ကာလမှာ ကျွန်တော်တို့ရဲ့အားသာချက်ကတော့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးနိုင်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရှိနေခြင်းဖြစ်ပါတယ်။ ဒီစာချုပ်မှာပါတဲ့အချက်အလက်အများစုဟာ စာချုပ် ရေးဆွဲတဲ့ ကာလတစ်လျှောက် အတူတကွပါဝင်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ တောင်းဆိုချက်တွေကို အဓိကအခြေခံထားရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခု ပြန်လည်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံနဲ့ ဆက်လက် ကျင်းပမယ့် အစည်းအဝေးများမှာလည်း ဒီ NCA ကိုပဲ အခြေခံမူအဖြစ် ဆက်လက် ထားရှိဆောင်ရွက်သွားဖို့လိုအပ်ကြောင်းပြောကြားလိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတော်နဲ့ တိုင်းရင်း သားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာ ထက်ထက်သန် သန်နဲ့ အချိန်တိုအတွင်း အကောင်အထည်ဖော်ကြဖို့ အကြံပြုလိုပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လိုအပ်တာထက်ပိုပြီးအချိန်ကြာလာရင် ဘေးပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်လိုတာတွေ ပိုမိုလာနိုင်ပြီးရှိရင်းစွဲ ယုံကြည်မှု တည်ဆောက်ပြီးသားအရာများ ပျောက်ပျက်နိုင်ခြင်း၊ ပွတ်တိုက်မှုများ များပြားလာနိုင်ခြင်းတို့ကြောင့် ယခုလို အကြံပြုပြောကြားရခြင်းဖြစ်ပါတယ်။

ဒီညီလာခံခန်းမတွင်းမှာ ရောက်ရှိနေကြတဲ့ ကျွန်တော်တို့တစ်တွေရဲ့ တာဝန်ဟာ အလွန်ကြီးမားလှပါတယ်။ ကျွန်တော်တို့အပေါ် တစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်ဟာလည်း မြင့်မားလှပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ လူမျိုးစွဲ၊ ဒေသစွဲ၊ အယူဝါဒစွဲစတဲ့ အစွဲအလမ်းတွေ ကင်းရှင်းစွာနဲ့ အောင်မြင်ပြီးမြောက်သည်အထိ တာဝန်ယူဆောင်ရွက်ကြမည့်သူများအဖြစ် ပြည်သူတို့က အသိအမှတ်ပြုခံထားရသူတွေလည်း ဖြစ်ပါတယ်။ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ဟာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးကို ရရှိ စေနိုင်မယ့်သဘောတူညီမှုတွေကို ဆွေးနွေးညှိနှိုင်းရရှိမယ်လို့ ယုံကြည်ပါတယ်။ တိုင်းပြည်ရဲ့အင်အားဟာ ပြည်တွင်းမှာသာရှိပါတယ်။ ကျွန်တော်တို့တိုင်းရင်းသား အားလုံးဟာ ညီရင်းအစ်ကိုများဖြစ်တဲ့အတွက် မတူကွဲပြားမှုတွေကို ပြည်ထောင်စု စိတ်ဓာတ်ပေါ် အခြေခံပြီး ညှိနှိုင်းအဖြေရှာ သွားရမှာဖြစ်ပါတယ်။ စိုးရိမ်မှုနဲ့ သံသယ စိတ်တွေကို ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် ဖယ်ရှားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အဓိကနှလုံးသွင်းကြရမယ့် အချက နှစ်ချက်ကတော့“တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး မဟာဗျူဟာကို မျက်ခြည်မပြတ် ကျင့်သုံးခြင်း” နဲ့ “ထာဝရငြိမ်းချမ်းရေးရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိခြင်း” တို့ပဲဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Related Articles