ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ပထမအစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုး ပြောကြားခဲ့သော ကြိုဆိုနှုတ်ခွန်းဆက်စကား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ပထမအစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုး ပြောကြားခဲ့သော ကြိုဆိုနှုတ်ခွန်းဆက်စကား

Fri, 04/28/2017 - 10:41
0 comments

 

သြဂုတ်လ ၃၁ ရက်၊ ၂၀၁၆

 

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများ၊ လွှတ်တော်နာယကနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr.Ban Ki-Moon ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစိုက်မတ်မတ်ဘက်ပေါင်းစုံကနေ အထောက်အကူပြုနေကြတဲ့ နိုင်ငံ တကာမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ အထူးဖိတ်ကြားခြင်းခံထားရတဲ့ ပြည်တွင်း၊ ပြည်ပဧည့်သည်တော်များနဲ့ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားညီအစ်ကို ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးများမှ ခေါင်းဆောင်များ၊ ဒီညီလာခံဖြစ်မြောက်ရေးအတွက် ပူးတွဲဆောင်ရွက်ခဲ့ကြတဲ့နှစ်ဖက်သော ခေါင်းဆောင် ကိုယ်စားလှယ်များ၊ အလုပ်အဖွဲ့ များ၊ အထောက်အကူပြုသူများအားလုံးနဲ့ သတင်း မီဒီယာများ အားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

ဒီနေ့လို သမိုင်းဝင်အခမ်းအနားမှာ ကျွန်တော့်ကိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများရဲ့ကိုယ်စား အဖွင့်မိန့်ခွန်းပြောကြားခွင့်ပြုတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်၊ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ကျွန်တော်တို့ လူသားတွေဟာ မျှော်လင့်ချက်နဲ့ပဲ အသက်ရှင်နေကြရတာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုများ ဒီမှာရောက်ရှိလာခြင်းဟာ လည်း ဒီညီလာခံအပြီး စတင်နိုင်မယ့် နှစ်ပေါင်းများစွာကတည်းက မျှော်လင့်စောင့်ဆိုင်းခဲ့ကြရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ တရားဝင်စတင်နိုင်မယ့် ဖွင့်ပွဲ အခမ်းအနားကိုပါဝင်ဖို့ စိတ်လှုပ်ရှားစွာနဲ့ရောက်ရှိလာကြရတယ်လို့ ပြောချင်ပါတယ်။

နောက်တစ်ခုတင်ပြချင်တာက ဒီ(၂၁)ရာစုပင်လုံညီလာခံရဲ့ ဆောင်ပုဒ်ကို အတိအလင်း ကြေညာထားချက်အရအပြည့်အဝထောက်ခံချင်ပါတယ်။ ၁၉၄၇ ခုနှစ် ပထမပင်လုံသည် မြန်မာနိုင်ငံကို လွတ်လပ်ရေးဆောင်ကြဉ်းပေးခဲ့သည်။ ၂၀၁၆ခုနှစ် (၂၁)ရာစုပင်လုံသည် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ထောင်နိုင်ရ မည်ဆိုတဲ့ ဆိုင်းဘုတ်ကြော်ငြာချက် တွေကို ဖတ်ရင်း ကျွန်တော်တို့ နှစ်ပေါင်း ၆၀ ကျော် တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို အတိအလင်းဖော်ကျူးနေတာကို တွေ့ရလို့ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတဲ့ အကြောင်းခြင်းရာသုံးခုရဲ့ ဆက်စပ်မှုနဲ့ပတ်သက်ပြီး မိမိတို့ရဲ့ အမြင်ကို တင်ပြချင်ပတယ်။ ဖွံ့ဖြိုးတိုးတက်ပြီး သဟဇာတရှိတဲ့ လူ့အဖွဲ့အစည်းကိုရယူချင်ရင်တော့ ဒီတန်ဖိုးညီမျှစွာရှိနေကြတဲ့ အကြောင်းခြင်းရာသုံးခု အပေါ်မှာ အခြေခံရမှာဖြစ်ပြီး ချိုးပစ်ဖို့မသင့် တဲ့ သုံးချောင်းထောက် ထိုင်ခုံတစ်လုံးရဲ့ ခြေထောက်တွေလိုဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးမဖြစ်ပေါ်လာနိုင်သလို ပြန်လည် သင့်မြတ်ခြင်းမရှိတဲ့ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းရေးကိုလည်း ရှာလို့မတွေ့နိုင်ပါဘူး။ ပြန်လည်သင့်မြတ်ပြီး ငြိမ်းချမ်းဖို့ဆိုရင် သက်ဆိုင်သူတွေအကြားမှာရရှိထားကြတဲ့ အပြန်အလှန်ပေးအပ်ထားတဲ့သန္နိဋ္ဌာန်၊ ကတိ စကား၊ သဘောတူညီချက်တွေကို ရေရှည် တည်တံ့ခိုင်မြဲရန်လိုအပ်ပြီး တရားဥပဒေစိုးမိုးပြီး လွတ်လပ်တဲ့ငြိမ်းချမ်းရေး အရသာကို ခံစားနိုင်ဖို့အတွက် လုပ်ငန်းစဉ် တစ်ရပ်လိုအပ်ပါတယ်။ အဲဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ရေးဆွဲထည့်သွင်း ပြဋ္ဌာန်းထားခြင်းပဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့သဘောတူညီမှုတွေ၊ လုပ်ငန်းစဉ်တွေ အခိုင်အမာမရှိတဲ့အခြေအနေအောက်မှာ ပြန်လည်သင့်မြတ်ရေး မရှိနိုင် ပါဘူး။ ပြန်လည် သင့်မြတ်ရေးမရှိဘဲ ငြိမ်းချမ်းရေးလည်း မပေါ်ပေါက်နိုင်ပါဘူး။

NCA လက်မှတ်ရေးထိုးအပြီး ကျင်းပခဲ့တဲ့ ၂၀၁၆ ဇန်နဝါရီလက ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ (UPC)ဟာနိုင်ငံရေးမာရသွန်အပြေးပြိုင်ပွဲအတွက် ဖွင့်ပွဲဖဲကြိုး ဖြတ်ခြင်းပဲဖြစ်ပြီး ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဟာ တာထွက်ခရာသံပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ NCA ဟာ ပြီးပြည့်စုံတဲ့ စာချုပ်တစ်ခု မဟုတ်ပေမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုရောက်ရှိဖို့ ထိုးလိုက်တဲ့ တံတားတစ်စင်း ဖြစ်တယ်လို့လည်းယုံကြည်ပါတယ်။ ငြိမ်းချမ်း ရေး ကတော့ ကျွန်တော်တို့အားလုံးအတွက် ပန်းတိုင်ပါ။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ဒီမဏ္ဍိုင် သုံးခုကို တစ်ပြိုင်တည်းပါဝင်ပြီး အကောင်အထည်ဖော်နိုင်တဲ့ လုပ်ငန်းစဉ်ချမှတ်သွားဖို့ လိုပါ တယ်။ တစ်ခုပြီးမှတစ်ခုလုပ်ရတဲ့ လုပ်ငန်းမဟုတ်ဘဲ ပြန်လည်သင့်မြတ်ရေး အဆင့်ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မှတ်တိုင်အဖြစ် သဘောတူသတ်မှတ်ပြီး ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင် ရေးဆွဲသွားနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာ လမ်းပြမြေပုံ သဘောတူ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်ရှိပေမယ့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် လမ်းပြမြေပုံတစ်ခု ညှိနှိုင်းချမှတ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖန်တီးဖို့နဲ့ “မူ”ချမှတ်ဖို့ လိုအပ်နေပါတယ်။ ဆွေးနွေးဖက်တွေကြားမှာရှိနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးဆိုင်ရာ အမြင်ကွာဟမှု ကြီးမားနေတယ်ဆိုတာကို သတိမူကြဖို့လိုပါတယ်။

ဒီညီလာခံပြီးရင် ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြည်ထောင်စုအဆင့်၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများစတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့ မူဘောင်ရေးဆွဲပြီး လုပ်ငန်းလမ်းညွှန် ချမှတ်ရာမှာလည်းပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီရေးကို သတိထားရေးဆွဲဖို့ အကြံပြု လိုပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်အသွင်သ္ဌာန်ဆောင်ပေမယ့် အနှစ်သာရ ချည့်နဲ့ အားနည်းမှုရှိနေတာကိုတော့ ဝန်ခံရမှာပါ။ ဒီ (၂၁) ရာစု ပင်လုံညီလာခံ အပြီး စတင်ဆွေးနွေးကြမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မတူညီကြတဲ့အစွန်းနှစ်ဖက်မှာရှိတဲ့ ဖက်ဒရယ်ပန်းတိုင်တွေကို ကဏ္ဍကြီးငါးခုကနေ ဘယ်အခြေခံကို စတင်သဘောတူရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ လက်တွေ့အကောင်အထည်ဖော်ကြရမယ့် အချိန်ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

တိုင်းရင်းသားဒေသအချို့တွေမှာ ရှိနေတဲ့ ချည့်နဲ့အားနည်းတဲ့ လူမှုအသိုင်းအဝိုင်း အသစ်ကို ဖန်တီးဖြစ်ပေါ်စေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို လျှော့ချခြင်း၊ စစ်ဘေးရှောင် ပြည်တွင်းရွှေ့ပြောင်းနေရာချမှုတွေအပေါ်ကို စိတ်ရင်းစေတနာထားပြီးဖြေရှင်းခြင်း၊ အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးတဲ့ အစီအစဉ်ချမှတ်ခြင်းတွေဟာ သက်ဆိုင်သူအားလုံးအတွက် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး အားလုံးအတွက် အကျိုးရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုစေပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး သက်ဆိုင်သူတွေကြားမှာ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို လက်ခံပြီး ရဲရဲရင့်ရင့်နဲ့ အကောင်အထည်ဖော်ဖို့ အကြံပြုတိုက်တွန်း ပါတယ်။

နောက်တစ်ခုက Stakeholders တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို အကြံပြုချင်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံတစ်ခုကBottom up approach ဖြစ်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သူများရဲ့ကဏ္ဍကို ထိုသူများထံမှ ထွက်ပေါ်လာတဲ့ အကြံပြုချက်ကိုအခြေခံပြီး နည်းလမ်းရှာဖို့ တိုက်တွန်းလိုပါတယ်။ မကြာခင်စတင် မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ CSOs တွေနဲ့ အခြားသော Stakeholders တွေရဲ့ အခန်းကဏ္ဍတွေကို စဉ်းစားရာမှာသက်ဆိုင်သူတွေရဲ့ ရပ်တည်မှု၊ ကျွမ်းကျင်မှုကဏ္ဍကို အခြေခံပြီးသူတို့ရဲ့အသံတွေကိုလည်း နားထောင်ပေးပြီး သဟဇာတ ရှိတဲ့လုပ်ငန်းစဉ်တွေကနေ ပါဝင်စေဖို့ အကြံပြုလိုပါတယ်။

နောက်ဆုံးအနေနဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်တွေ၊ စနစ်တွေရဲ့ ပုံသွင်းမှုကြောင့် ကျွန်တော်တို့လူမှုအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေအကြားမှာ ခံယူ ချက်၊ အယူအဆဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ကွာဟချက်ကြီးကြီးမားမား ရှိနေတယ် ဆိုတာကို သတိပြုကြပါ။

ချည့်နဲ့ချို့တဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ ထိုအခြေအနေကိုဖန်တီးဖြစ်ပေါ်နိုင်တဲ့ အခြေခံတွေ၊ ဆင်းရဲမွဲတေမှု ပြဿနာတွေနက်နက်ရှိုင်းရှိုင်းရှိနေတယ် ဆိုတာကို လည်း လက်ခံကြ ပါ။

ကျွန်တော်တို့ နိုင်ငံဟာလည်း အိမ်နီးနားချင်းနိုင်ငံတွေရဲ့နောက်မှာ နောက်ကျကျန်နေတယ် ဆိုတာကိုလည်း အသိအမှတ်ပြုကြပါ။

ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် ကျားကုတ်ကျားခဲလုပ်မယ့်အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေလည်းရှိနေပြီးသူတို့ကိုအားပေးထောက်ခံတဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းလည်း ရှိနေပါတယ်ဆိုတာကို သတိမူရင်း တည်ငြိမ်အေးချမ်းပြီး သဟဇာတရှိကာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း သစ်တစ်ခုကို တည်ဆောက်ကြပါစို့လို့ သန္နိဋ္ဌာန်ပြုရင်းနိဂုံးချုပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Related Articles