ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး မေ ၂၄ ရက်တွင် စတင်ကျင်းပမည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး မေ ၂၄ ရက်တွင် စတင်ကျင်းပမည်

Thu, 04/27/2017 - 19:00
Posted in:
0 comments

နေပြည်တော် ဧပြီ ၂၄

ယနေ့ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေ ၂၄ ရက်တွင် စတင်ကျင်းပရန် ယခုအစည်းအဝေး (JICM) တွင် အတည်ပြုသဘောတူဆုံးဖြတ်ခဲ့ပါကြောင်း၊ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လ အစည်းအဝေးတွင် အားလုံးလက်ခံနိုင်သည့် အခြေခံမူဝါဒဖော်ထုတ်နိုင်ရေး ကြိုးစား ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ပါကြောင်း။

အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ မကျင်းပနိုင်သေးသည့် အဖွဲ့များနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ရန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသည့်အခါ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် သဲသဲကွဲကွဲမဖြစ်သည့်အရာများ အပေါ် လုပ်ထုံးလုပ်နည်းများ တိတိကျကျရေးဆွဲရန်သဘောတူဆုံးဖြတ်ခဲ့ ပါကြောင်း။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တင်ပြသည့် တင်ပြချက်များ၊ လုပ်ထုံး လုပ်နည်းပြင်ဆင်ချက်များ၊ ဆက်ဆံရေးရုံး များနှင့် ပတ်သက်ပြီး ရေးသားထားသည်များမှ အချို့ကိစ္စရပ်များသည် JMC ဘောင်ကို ကျော်လွန်နေသည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) က လုပ်ရမည့်ကိစ္စရပ်များပါဝင်နေသဖြင့် ဒါကို UPDJC တွင်ဆွေးနွေးပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို ပြန်တင်ရန် သဘောတူခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)လက်မှတ်ရေးထိုးသည့်အချိန်မှစပြီး ပြည်ထောင်စုသဘော တူညီ ချက်စာချုပ် မထွက်ခင်အချိန်အထိ ကြားကာလတွင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စများနှင့်ပတ်သက်၍ သဘောတူညီချက်များ ရရှိပါ ကြောင်း။

ကြားကာလအစီအစဉ်တွင် လုပ်ငန်းအဖွဲ့ ဖွဲ့ရန် JICM က သဘောတူခဲ့ပါ ကြောင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)နှင့် တပ်မတော် အငြင်းပွားနေသည့် နယ်မြေဒေသသတ်မှတ်ချက်၊ ကျေးရွာဒေသ သတ်မှတ်ချက် များကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) က လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း။

အဆိုပါကြားကာလတွင် တိုင်းရင်းသားဒေသများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB)က တင်ပြ ၍ ညှိနှိုင်းဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပိုမို ပါဝင်လာရေး NCA အပေါ်အခြေခံပြီး ကြိုးပမ်း ဆောင်ရွက် သွားရန် နှစ်ဖက်သဘောတူခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ပါဝင်လာရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း၊ ချင်းပြည်နယ်တွင် JMC ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး JMC တွင် ဆွေးနွေးရန် အဆင်မပြေဖြစ်နေသည်ကို JICM က ပူးတွဲအဖွဲ့ ဖွဲ့၍ အသေးစိတ် ဆွေးနွေးပြီး JICM ကိုပြန်လည်တင်ပြရန် သဘောတူဆုံးဖြတ်ခဲ့ပါကြောင်း။

NCA မတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် အစိုးရ နှင့် EAOs တို့အကြား ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက် များရှိပါကြောင်း၊ အဆိုပါ သဘောတူညီ ချက်များအနက် အကောင်အထည်ဖော် ရန် ကျန်နေသည့်အချက် များကို အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကိုတင်၍ နှစ်ပတ်တစ်ကြိမ်ကျင်းပသည့် ပုံမှန်အစည်းအဝေး တွင် တင်ပြဆွေး နွေးပြီး ဆောင်ရွက်ရန် သဘောတူခဲ့ပါကြောင်း ပြောကြားခဲ့သည်။

Related Articles