နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

Thu, 03/30/2017 - 09:48
0 comments

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

(၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်)

(၂၀၁၇ ခုနှစ်၊ မတ်လ ၃၀ ရက်)

၁။ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပြန်အလှန် နားလည်မှု၊ နှစ်ဖက်ယုံကြည်မှုများ တည်ဆောက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံ ပါဝင် တက်ရောက်နိုင်ရေး အတွက် စဉ်တိုက်ဆက်တိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ သဘောသဘာဝအတိုင်း အနိမ့်၊ အမြင့်၊ အတက်၊ အကျများစွာဖြင့် ပြီးခဲ့သည့် တစ်နှစ်တာကာလကို ကျော်ဖြတ်လာခဲ့ရပါသည်။

 

၂။ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများ၏ အဓိကအချက်မှာ ယုံကြည်မှုဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှုသာမက မိမိကိုယ်ကို ယုံကြည်မှုသည်လည်း အထူးပင်အရေးကြီးလှပါသည်။ တစ်နှစ်တာ ကြိုးပမ်း ဆွေးနွေးညှိနှိုင်းမှုများ၏ရလဒ်အဖြစ် ယနေ့ညနေပိုင်းတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် (၅) ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် “၀” အမျိုးသားအဖွဲ့ချုပ် (WNO) တို့က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါသည်။

 

၃။ ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တခဲ့ကြသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်နီများ ပိုမိုလင်းလက်တောက်ပ လာခဲ့ပြီ ဖြစ်ပါသည်။ ဤသို့ အရေးကြီးလှသည့် အချိန်အခါတွင် မလိုလားအပ်သော အဖျက်အမှောင့်များ၊ ငြိမ်းချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်သော သွေးထိုးလှုံ့ဆော်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ညီနောင် တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ပြည်သူများအနေဖြင့် အထူးဂရုပြုကြပါရန် တိုက်တွန်း နှိုးဆော်လျက် သတင်းထုတ်ပြန်အပ်ပါသည်။

Related Articles