BETA : Zawgyi | English

ပင်လုံမြို့၌ ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တိုင်းရင်းသား တိုင်းရင်းသူများ၏ ဆွေးနွေးချက်များ

ပင်လုံမြို့၌ ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တိုင်းရင်းသား တိုင်းရင်းသူများ၏ ဆွေးနွေးချက်များ

Tue, 02/14/2017 - 11:30
Posted in:
0 comments

ပင်လုံမြို့၌ ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တိုင်းရင်းသား တိုင်းရင်းသူများ၏ ဆွေးနွေးချက်များ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံမြို့၌ပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသား များ၏ ငြိမ်းချမ်းရေးစကားဝိုင်းတွင် တိုင်းရင်းသား တိုင်းရင်းသူများ၏ ဆွေးနွေးချက်များကို ကောက်နုတ်တင်ပြလိုက်ပါသည် -

 

ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အကျိုးဆောင်အဖြစ် ပံ့ပိုးဆောင်ရွက်နေသည့် ချင်းတိုင်းရင်းသူ မိုင်ချင်းချင်း

 

ပင်လုံစာချုပ်အကြောင်းကို ပြောတဲ့အခါမှာ စာချုပ်တစ်ခုတည်းကိုပဲ မရည်ညွှန်းဘဲ ပင်လုံ စာချုပ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ပေးထားခဲ့တဲ့ ပင်လုံကတိကဝတ်၊ နောက်ပြီး ပင်လုံစိတ်ဓာတ်တွေက်ို တွဲပြီးတော့သုံးပါတယ်။ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ် ဆိုပြီးတော့ ရည်ညွှန်းထားပါတယ်။

 

နောက်ပြီးတော့ ပင်လုံစာချုပ်ဟာလည်း ပူးပေါင်းမယ်ဆိုတဲ့အရာကို ဖော်ပြပါတယ်။ နောက်တစ်ခုက တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် ကနေပြီး သူတို့ရဲ့အစီရင်ခံစာမှာ ဘယ်လိုပူးပေါင်း ကြမယ်ဆိုတာ ပါခဲ့တာပေါ့။ ပြီးတော့ ဗိုလ်ချုပ်ချမှတ်ထားတဲ့ အခြေခံလမ်းညွန်မူ (၇)ချက်နဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲကြမယ်ဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်မှာ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် ကျွန်မတို့ရဲ့ မျှော်လင့်ထားတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပုံစံပြောင်းလဲသွားတယ်။

 

အဲဒီရဲ့ အကျိုးဆက်အနေနဲ့ ကျွန်မတို့လိုလားတဲ့ ဒီမိုကရေစီရယ်၊ နောက်ပြီးတော့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်တိုင် ပြဋ္ဌာန်းခွင့်အာမခံချက်ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မတည်ထောင်နိုင်ခဲ့ဘဲ ဖက်ဒရယ် ဆိတ်သုဉ်းမှု၊ ဒီမိုကရေစီဆိတ်သုဉ်းမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ပြည်ထောင်စု တည်တံ့ ခိုင်မြဲရေးအတွက် NCA ဆိုတာ ပေါ်ပေါက်လာပါတယ်။

 

NCA ဆိုတာကိုလည်း ကျွန်မတို့နားလည်တာကတော့ ပြည်ထောင်စု မပြိုကွဲရေးကို ပြန်လည်ပြီးတော့မှ သက်သေပြုတဲ့စာချုပ်လို့ နားလည်ထားပါတယ်။ ကျွန်မတို့က အခု (၂၁) ရာစု ပင်လုံကို တိုင်းသူပြည်သား အားလုံးကလည်း အများကြီး မျှော်လင့်တယ်။ ငြိမ်းချမ်းရေး လိုချင်တဲ့သူအားလုံးကလည်း မျှော်လင့်တဲ့ အခါမှာ ဒီ (၂၁) ရာစုပင်လုံဆိုတာ အကောင်အထည် မဖော်ခဲ့ရတဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နဲ့ ပင်လုံစိတ်ဓာတ်တွေကို ပြန်လည်ပြီး အသစ်တစ်ဖန် ပြန်လည်ဖော်ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတယ် ဆိုတာကို ပြည်သူလူထုရဲ့ခံစားချက်နဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်။

 

အဲဒီအတွက်ကလည်း အင်မတန်မှ မျှော်လင့်ချက်တွေကြီးနေကြပါတယ်။ NCA ရဲ့ အပိုဒ်(၁) အပိုဒ်ခွဲ (က) မှာပါတဲ့အတိုင်း ဒို့တာဝန်အရေးသုံးပါးပေါ့။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုပြီးတော့မှ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေကို အခြေခံပြီး ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံ စိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်တိုင်ပြဋ္ဌာန်းခွင့် အာမခံချက် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ အများကြီး မျှော်လင့် ထားကြပါတယ်။ နိုင်ငံရေးအရ၊ လူမျိုးရေးအရ တန်းတူပူးပေါင်းနိုင်မယ့် အာမခံချက်တွေ ရှိမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးကို လုံးဝရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ တိုင်းသူပြည်သားတွေအားလုံး လိုလားတဲ့ငြိမ်းချမ်းရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံရဲ့ ဦးဆောင်မှုနဲ့ အားလုံး ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်နိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်။

 

ကရင်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် ကရင်တိုင်းရင်းသူ နန်းမြသီတာ

 

ကျွန်မတို့က ခုနက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလိုပါပဲ။ မတူကွဲပြားတာတွေ အများကြီး ရှိတယ်။ ဘာကြောင့် မငြိမ်းချမ်းနိုင်ရတာလဲ။ မညီညွတ်နိုင်ရတာလဲ။ ပန်းတွေဆိုရင်တောင်မှ ရောင်စုံရှိမှ လှတာလေ။ မတူကွဲပြားမှုတွေက တကယ်တမ်း အင်အားတွေပါ။ မတူကွဲပြားမှုတွေနဲ့ ကျွန်မတို့ အင်မတန်မှ လှပပျော်ရွှင်တဲ့ဘဝကို ဘယ်လိုသွားမလဲပေါ့။ အခုသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် ဒီပင်လုံကနေပြီးတော့ ပူးပေါင်းပြီး ရလာခဲ့တဲ့ နိုင်ငံပါ။ ပင်လုံကိုပဲ ပြန်ကြည့်မယ်ဆိုရင် တစ်ဦးကိုတစ်ဦး ယုံကြည်ခဲ့ကြတယ်။ စည်းလုံးညီညွတ်ခဲ့ကြတယ်။ အဲဒီကနေအခြေခံပြီးတော့ သွားခဲ့တာပေါ့နော်။

 

ကျွန်မကတော့ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ တောက်လျှောက်ပါခဲ့တယ်။ နော်ခီးလာ (လိုင်ဇာ) မှာကတည်းက တောက်လျှောက်ပါခဲ့တဲ့သူတစ်ယောက်အနေနဲ့ အခုကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုရင် ပင်လုံကိုရောက်တာနဲ့ ပြန်ပြောင်းပြီးသတိရတာက ပင်လုံအနှစ်သာရ အပြည့်နဲ့ ကျွန်မတို့လုပ်ခဲ့ကြလို့သာ အခုတစ်နိုင်ငံလုံးကလည်း ပြောနေတယ်။ ကရင်ပွဲက အရမ်းအောင်မြင်တယ်။ ကရင်ပွဲကို အားရတယ်။ ကျေနပ်တယ်ပေါ့။ တကယ်တမ်းမှာ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ခဲ့ကြတာလဲဆိုတော့ အခက်အခဲတွေအများကြီးရှိခဲ့ကြပါတယ်။ ညှိနှိုင်းရတယ်။ ယုံယုံကြည်ကြည်နဲ့ ကိုယ့်ကိုယ်ကိုယ် အရင်စတာပေါ့။ ကိုယ့်ကိုယ်ကိုယ် အရင်ယုံကြည်ရတယ်။ ပြီးတော့မှ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ပေါ့။ ဒါမှမဟုတ်ရင် ပူးတွဲပြီး အလုပ်လုပ်မယ့်သူတွေကိုလည်း ယုံကြည်ရတယ်။ ပြီးတော့ ညီညီညွတ်ညွတ်နဲ့ တစ်ဦးကိုတစ်ဦး လေးစားသမှုနဲ့ သာတူညီမျှ၊ စကားတစ်ခွန်းက အမြဲတမ်းကျွန်မခေါင်းထဲမှာပေါ်နေတာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို စတင်စီစဉ်တဲ့အခါမှာ ပူးတွဲလုပ်ရတဲ့ကော်မတီတွေက အများကြီးပါ။ ကရင်တွေဘက်အခြမ်းကတောင် ကရင်တိုင်းရင်းသား လက်နက်ကိုင်က သုံးဖွဲ့၊ ကရင် ပါတီက ငါးဖွဲ့၊ ဘာသာရေးခေါင်းဆောင်တွေ၊ CSO တွေ။ အဲဒီကနေမှ ကော်မတီတစ်ခုဆိုတာ ဖြစ်လာပါတယ်။ အဲဒီမှာ မတူကွဲပြားမှုတွေက နောက်ခံအကြောင်းအရာတွေ အများကြီးပဲ။ UPDJC က ဖွဲ့လိုက်တဲ့ ကြီးကြပ်မှုကော်မတီကလည်း ကော်မတီတစ်ခုအနေနဲ့ ညှိနှိုင်းရပါတယ်။ ပြီးတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့က ကော်မတီ ၁၃ ဖွဲ့နဲ့လည်း ညှိရတယ်။ ဒီညှိရတဲ့အပေါ်မှာ ဘယ်ဟာကို အခြေခံခဲ့လဲဆိုရင် ယုံကြည်မှုနဲ့ တည်ဆောက်ခဲ့ကြတာပါ။ ရင်းနှီးမှုနဲ့ တည်ဆောက်ခဲ့ကြတာပါ။ တစ်ဦးကိုတစ်ဦး ကျွန်မတို့ လေးစားသမှုနဲ့ တည်ဆောက်လို့ ရခဲ့တဲ့အောင်မြင်မှုလို့တော့မြင်တယ်။ ဒီကြားထဲမှာ အများကြီးပဲ ကျော်လွှားခဲ့ရတယ်။ အခက်အခဲတွေ ကြုံခဲ့ရတယ်ဆိုပေမယ့် ကျွန်မတို့ အမြဲတမ်းပြောတဲ့ ကရင်တွေရဲ့သမိုင်းမှာ စကားလုံးတစ်လုံးရှိပါတယ်။ မဟာနဲ့ အာဏာ။ ကျွန်မတို့ မဟာနဲ့ အာဏာကို လုံးဝမရှိဘူး။ ခဝါချထားတယ်။ အဲဒီလိုသွားနိုင်ခဲ့လို့သာ အောင်မြင်နေတဲ့ပွဲလို့ ခံစားရတယ်။ ရှေ့ဆက်သွားမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာလည်း ခေါင်းဆောင်ကြီးတွေ ပြောခဲ့တဲ့၊ ကရင် ခေါင်းဆောင်ကြီး တွေလည်း ပြောခဲ့သလိုမျိုး ဒီနေ့အခင်းအကျင်းမှာ တိုင်းရင်းသားတွေရဲ့ နှလုံးသားထဲမှာရှိနေတဲ့ အစွဲလေးပေါ့။ မဟာနဲ့အာဏာကို ခဝါချပြီးတော့ အချင်းချင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်။ ဒီတိုင်းရင်းသားညီအစ်ကို မောင်နှမတွေကိုလည်း ယုံကြည်ကြမယ်။ ပြီးတော့မှ တစ်ဦးကိုတစ်ဦး လေးလေး စားစားနဲ့ သူသာတယ်၊ ကိုယ်နာတယ် မဟုတ်ဘဲနဲ့ တည်ဆောက်ကြမယ်ဆိုရင် အင်မတန်မှလှပပြီး ဒါဟာတည်တံ့ခိုင်မြဲမယ့် နိုင်ငံတစ်ခုကို ဘယ်လိုပဲဖြစ်ဖြစ်ရအောင် တည်ဆောက်နိုင်မယ်ဆိုတာ မျှော်လင့်လည်း မျှော်လင့်တယ်၊ ယုံလည်း ယုံကြည်တယ်။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ငြိမ်းချမ်းရေး Process (လုပ်ငန်းစဉ်) မှာလည်း ပါဝင်နေတယ်ပေါ့။

 

ပဋိပက္ခ လျှော့ချနိုင်ရေး ပညာပေးလုပ်ငန်းနှင့် ကောင်းမွန်သောအုပ်ချုပ်မှု ဖြစ်ထွန်းရေး ပညာပေး ဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသား ဦးဦးအောင်သန်း

 

ခုနက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ဒီ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြားထဲက ယုံကြည်မှု၊ အခု NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကြားထဲက ယုံကြည်မှု၊ တိုင်းရင်းသားတွေ အချင်းချင်းကြား ယုံကြည်မှု၊ ဒီလိုယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုနေတယ်လို့ မြင်ပါတယ်။

 

အခုစစ်ရှိန်တွေ မြင့်လာတာနဲ့အမျှ၊ ထိုးစစ်တွေ မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကြားထဲက အမုန်းတရားတွေက ပိုမိုကြီးထွားလာတဲ့ဟာက အင်မတန်ကြောက်စရာ ကောင်းတဲ့ တစ်ချက်လို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒါကြောင့် ၂၀၁၇ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ ကြွေးကြော်ထားတာနဲ့ အညီ နိုင်ငံငြိမ်းချမ်းချင်တယ်ဆိုရင် နံပါတ်(၁)အနေနဲ့ လုပ်သင့်တာက ထိုးစစ်တွေ အားလုံးရပ်ပေးဖို့ တောင်းဆို ချင်တယ်။ လိုလားတယ်။ နံပါတ် (၂)အနေနဲ့ ဒီထိုးစစ်တွေ ရပ်ပြီးတော့ တကယ့်နိုင်ငံရေးဖြစ်တည်လာတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးနိုင်ဖို့ အတွက် အားလုံးပါဝင်တဲ့ လက်မှတ်ရေးထိုးဖို့၊ တန်းတူအခွင့်အရေးရဖို့ တောင်းဆိုချင်တယ်။ ကျွန်တော်က ရခိုင်ဒေသမှာ အလုပ်လုပ်နေတဲ့ ရခိုင် တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေရဲ့အသံကတော့ အခုလို ငြိမ်းချမ်းရေး စကားဝိုင်း၊ NCA လက်မှတ်ထိုးမယ့် ဟာတွေ၊ (၂၁)ရာစု ပင်လုံတွေမှာ AA ကို ပါဝင်ဖို့ဆိုတာကိုလည်း သူတို့တွေအနေနဲ့ တောင်းဆို ထားတာ၊ ပြောဆိုနေတာတွေကို လေ့လာတွေ့ရှိရတဲ့အတွက် သူတို့တွေ ကိုယ်စားတောင်းဆိုချင် ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း ထည့်သွင်းစဉ်းစားပေးပါ။ တပ်မတော် အနေနဲ့လည်း ထည့်သွင်းစဉ်းစားပေးပါ။ နိုင်ငံရေးပဋိပက္ခကို နိုင်ငံရေးအရ အဖြေရှာပေးဖို့ အတွက် စားပွဲဝိုင်းကို အားလုံးပါဝင်ဖို့အတွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်ပေးကြပါလို့၊ သဘောထား ကြီးပေးကြပါလို့ တင်ပြတောင်းဆိုချင်ပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူထုပါဝင်လာရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ် ကျင်းပနိုင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မွန်တိုင်းရင်းသား မင်းအောင်ထူး

 

နိုင်ငံသားတွေအားလုံးက ငြိမ်းချမ်းဖို့ကို တော်တော်လေးလိုလားနေပြီပေါ့။ အခုလက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး တကယ်ကို မျှော်လင့်စရာလမ်းကြောင်းတစ်ခုက (၂၁)ပင်လုံလမ်းကြောင်းနဲ့ သွားမယ်ဆိုတဲ့ လမ်းကြောင်းပါ။ ပြီးတော့ ဒီ NCA ကို အခြေခံပြီး အားလုံးပါဝင်လာပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကတစ်ဆင့် တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲရင်းနဲ့ သွားမယ်ဆိုတဲ့ လမ်းကြောင်းတော့ ရှိနေတာပေါ့လေ။ အဲဒီမှာ အဓိကကတော့ အားလုံးပါဝင်လာဖို့အတွက် မျှော်လင့်ပါတယ်။ လက်ရှိအခြေအနေမှာလည်း NCA မှာ လက်ရှိမှာ အားလုံးမပါဝင်နိုင်သေးဘူး။ သို့သော် NCA Process ကို ဆက်ပြီးတော့ သွားနေတယ်။ အားလုံး မပါဝင်တဲ့အတွက် နှောင့်နှေးမှုတွေ ရှိတယ်။ တကယ်တမ်း ပြီးရမယ့်အချိန်မှာ မပြီးတဲ့အလုပ်တွေပေါ့။ အဲဒါမျိုးဖြစ်တဲ့ အခါကျတော့ တိုင်းပြည်အတွက်လည်း နစ်နာတာပေါ့လေ။ အဲဒီတော့ ဒီလို အားလုံးပါဝင်လာဖို့အတွက် တိုင်းရင်းသားတွေ အနေနဲ့ ဆန္ဒရှိတယ်။ အားလုံးပါဝင်လာဖို့အတွက် ရှုထောင့် တစ်ခုကနေ ပြောချင်တာက အားလုံးပါဝင်လာနိုင်မယ့် အခင်းအကျင်းတစ်ခုကိုတော့ တည်ဆောက်ပေးဖို့ လိုမယ်ထင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတဲ့လမ်းကြောင်းမှာ တကယ်တမ်း အခြေခံ ကျတဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေ၊ သူတို့တွေရဲ့ အခြေခံ ငိနညအငအပ တွေကို ဖော်ထုတ်ရင်းနဲ့ ဒီအခွင့်အရေးတွေကို စာပေ၊ ယဉ်ကျေးမှုကအစ ဒီလိုမျိုး ဖန်တီးပေးတဲ့အခါမှာ သူတို့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက အတိုင်းအတာတစ်ခုအထိရလာမယ်။ သွားချင်တဲ့ အနေအထားတစ်ခု၊ ရပ်တည်မှုတစ်ခုရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာရင် တခြားသော တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း အပြန်အလှန် လေးစားမှုတွေ ရလာမယ်။ အပြန်အလှန်လေးစားမှုရရင် တစ်ဖက် ကလည်း ယုံကြည်မှုက ပိုပြီးတော့ လွယ်လွယ်လေးနဲ့တည်ဆောက်နိုင်မယ်လို့ ယူဆပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေပေးတဲ့ပွဲမှာ သတိပေးခဲ့တဲ့စကားတစ်ခုကို အလွန်ကျေးဇူးတင်မိပါတယ်။ ဘာလဲဆိုတော့ လူအများစုဖြစ်တဲ့ ဗမာ တိုင်းရင်းသားတွေကနေပြီးတော့ အခွင့်အရေးကို အများကြီးရနေတယ်လို့ တိုင်းရင်းသားတွေက ဒီလိုမျိုး ခံစားလာရရင် ပြည်ထောင်စုစိတ်ဓာတ်တွေ ပြန်တည်ဆောက်ရတာ အရမ်းခက်မယ်လို့ ပြောခဲ့တာ ရှိပါတယ်။ အဲဒါက အလွန်အရေးကြီးပါတယ်။ ဒီလိုမျိုးမဖြစ်အောင် လူမျိုးတစ်မျိုးရဲ့ identity ကိုပဲ ညှိနေတာမျိုး မဟုတ်ဘဲ အားလုံးတန်းတူညီမျှစွာနဲ့ မြှင့်တင်ရင်း သူတို့ရဲ့ယုံကြည်မှုကို တည်ဆောက် ပေးဖို့ လိုပါတယ်။ ဘာကို ရောင်ပြန်ဟပ်မလဲဆိုတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးမပါဝင်နိုင်သေးတဲ့ အခင်းအကျင်း တစ်ခုအတွက်လည်း ပုံစံတစ်ခုနဲ့ ရောင်ပြန်ဟပ်နိုင်မယ်လို့ ယူဆပါတယ်။ အားလုံးမှာ ကိုယ်ပိုင်ယုံကြည်မှုတွေ ရလာတဲ့အခါကျရင် ငြိမ်းချမ်းရေးလမ်းကြောင်းအပေါ်မှာ တက်လာဖို့အတွက် လွယ်ကူလာမယ်လို့ မြင်ပါတယ်။

 

တကယ်လို့သာ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် အချိန်တွေ နှောင့်နှေးမှုရှိမယ်။ နှစ်ပေါင်း ၇၀ အထိ မငြိမ်းချမ်းတဲ့ ဒီအဖြစ်မျိုးကို မြန်မြန်နဲ့ ကျော်လွှားနိုင်ဖို့လိုတယ်။ သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့၊ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေအားလုံးအနေနဲ့ အစိုးရရော၊ တပ်မတော်ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော တစ်ယောက်အပေါ်တစ်ယောက် သဘောထားကြီးဖို့ လိုပြီလို့လည်း ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

 

အရပ်ဘက်လူ့အဖွဲ့အစည်းများ ဖိုရမ်ကျင်းပနိုင်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်သည့် ဗမာ-ကချင် တိုင်းရင်းသူ ဒေါ်ဖွေးယုမွန်

 

အဓိက ဆွေးနွေးချင်တာကတော့ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ လက်မှတ်ထိုးဖို့ အတွက် အဟန့်အတားဖြစ်စေတဲ့ အကြောင်းအရာတွေက ဘာတွေဖြစ်မလဲဆိုပြီး စဉ်းစား ကြည့်မိတယ်။ အဲဒါက ဘယ်ပေါ်မှာ မူတည်နေသလဲဆိုတော့ ယုံကြည်မှုတည်ဆောက်ခြင်းမှာ အဟန့်အတား ဖြစ်စေမယ့် ကိစ္စတွေမှာ မူတည်နေတယ်လို့ထင်ပါတယ်။ အဓိကယုံကြည်မှု တည်ဆောက်ခြင်းမှာ အဓိကအားဖြင့် သုံးပိုင်းရှိမယ်လို့ ထင်ပါတယ်။ တပ်မတော်နဲ့ လက်နက်ကိုင် တွေကြားမှာ ယုံကြည်မှု တည်ဆောက်ခြင်း ရယ်၊ နောက်တစ်ချက်ကကျတော့ လက်နက်ကိုင် အချင်းချင်း အကြား ယုံကြည်မှု တည်ဆောက်ခြင်းရယ်၊ ပြည်သူနဲ့တပ်မတော်အပါအဝင် လက်နက်ကိုင်တွေကြားမှာ ယုံကြည်မှုတည်ဆောက်ခြင်းရယ်ဆိုတဲ့ အပိုင်း သုံးပိုင်းကို အဓိက စဉ်းစားမိတယ်။ ပထမဆုံးဖြစ်တဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့အတွက် အဟန့်အတားတွေက ဘာတွေ ဖြစ်မလဲဆိုတာကို စဉ်းစားကြည့်တဲ့အခါ လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေ၊ နောက်ထပ် ထိုးစစ်တွေက လက်မှတ်ထိုးဖို့ အတွက် အခက်အခဲများဖြစ်နေသလား။ နောက်တစ်ချက်ကတော့ အတူတကွ ဆွေးနွေးနေရင်းနဲ့မှ ထိုးစစ်ဆင်လာမှုတွေ၊ နောက်တစ်ချက်က တပ်မတော်အနေနဲ့ရော သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စွာနဲ့ ထိုးစစ်တွေကို ရပ်တန့်ပေးဖို့ရော မဖြစ်နိုင်ဘူးလား။ အဲဒါ ကိုလည်း စဉ်းစားမိတယ်။ နောက်တစ်ချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် အခုအချိန် အထိ သုံးစွဲနေတဲ့ ၁၇/၈ ပုဒ်မလိုမျိုး မတရားအသင်းနဲ့ဆက်သွယ်မှုဆိုပြီး ပြည်သူတွေကို ဖမ်းဆီးတဲ့၊ ချုပ်နှောင်တဲ့ ကိစ္စမျိုးတွေရယ်။ နောက်တစ်ချက်ကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အတိုက်အခိုက်တွေ ဖြစ်တဲ့အခါ သုံးစွဲတဲ့ သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းတွေကရော ဒီ NCA မှာလက်မှတ်ထိုးဖို့ အဟန့်အတား တွေများ ဖြစ်စေနိုင်မလားဆိုတာ စဉ်းစားမိပါတယ်။

 

အဲဒါတွေကို ကြိုးစားပြီး ရှောင်တိမ်းမယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ဖို့အတွက် အဓိကလမ်းစဉ် ဖြစ်လာမယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်က လက်နက်ကိုင်အချင်းချင်းကြားမှာ တွေ့ဆုံ ဆွေးနွေးမှုတွေလည်း များများလိုအပ်မယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် နော်ခီးလာ ညီလာခံမျိုးတွေ ပြန်လည်ပေါ်ပေါက်လာနိုင်ဖို့ကလည်း တိုင်းရင်းသားအချင်းချင်းကြားမှာ ယုံကြည်မှု ဒီထက်ပိုပြီးတော့ ခိုင်မာဖို့၊ တည်ဆောက်ဖို့လိုအပ်တယ်လို့ထင်ပါတယ်။ ပြည်သူတွေနဲ့ တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့။ အဲဒီဟာတွေက အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေက အဓိပ္ပာယ်ပြည့်ဝစွာပါဝင်နိုင်ဖို့ ပြည်သူတွေရဲ့ အသံကိုထင်ဟပ်နိုင်တဲ့ ဆွေးနွေးပွဲတွေ၊ အဲဒီဆွေးနွေးပွဲတွေမှာ ဖြစ်ပေါ်လာမယ့် တကယ် အကောင်အထည်ဖော်မှုအပိုင်းတွေ ဖြစ်လာမယ်ဆိုရင် ပြည်သူတွေကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင်ကို ယုံကြည် လာမယ်လို့ မြင်ပါတယ်။ ဆွေးနွေးပွဲတွေကလည်း အားလုံးပါဝင်ပြီး တန်းတူညီမျှစွာပါဝင်ပြီးတော့ ဆွေးနွေးခွင့်ရဖို့ရယ်၊ အဓိပ္ပာယ် ပြည့်ဝစွာနဲ့ ပါဝင်ဆွေးနွေးခွင့်ရယ်၊ ပြည်သူ့အသံတွေရယ် ထင်ဟပ်စေဖို့က အဓိကကျမယ်လို့ ဆွေးနွေးချင်ပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များပါဝင်မှု မြှင့်တင်န်ိုင်ရေးနှင့် တိုင်းရင်းသားလူငယ်များအရေး ဆောင်ရွက်နေသည့် ရှမ်းတိုင်းရင်းသား စိုင်းအောင်မြင့်ဦး

 

ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် လက်တွေ့ကျကျ လုပ်သွားဖို့ လိုပါတယ်။ ပင်လုံစာချုပ်၊ ကတိကဝတ်တွေတင်မကဘူး စတင်ခဲ့တဲ့ ပထမပင်လုံ၊ ဒုတိယပင်လုံ နှစ်ခုစလုံးကို သုံးသပ်ပြီးတော့ လက်တွေ့မှာ အကောင်အထည်ဖော်မယ်ဆိုရင် နိုင်ငံဟာငြိမ်းချမ်းမှု ပိုမိုရနိုင်မယ်လို့မြင်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း ကောင်းကောင်းသွားနိုင်မယ်လို့ ယုံကြည် တယ်။ ကျွန်တော်တို့ တကယ်ယုံကြည်တာက ဒီပင်လုံစာချုပ်ရဲ့ အသက်သွေးကြောပေးခဲ့တဲ့ ကျွန်တော် တို့ရဲ့ ခေါင်းဆောင်ကြီးတွေပဲ။ တောင်တန်းနဲ့မြေပြန့်ကို ပေါင်းစည်းနိုင်ခဲ့တယ်။ ဒါကျွန်တော်တို့ ယုံကြည်မှုပဲ။ ဒါအောင်မြင်အောင် ကြိုးစားမယ်ဆိုရင် အနာဂတ်ပြည်ထောင်စုဟာ ပိုပြီးလှပတဲ့၊ ပိုပြီးစည်းရုံးတဲ့၊ ပိုပြီးယုံကြည်မှုရှိတဲ့ လူငယ်တွေအစ၊ လူကြီးတွေကအစ၊ ဆုံးပါးသွားတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ ကအစ သူတို့ပျော်မှာ ကျွန်တော်တို့ ယုံကြည်တယ်။ ကျွန်တော်တို့က ဒီ(၂၁)ရာစုပင်လုံကို ယုံကြည်တယ်။ ပြီးတော့ အကောင်အထည်ဖော်ဖို့အတွက်လည်း လမ်းစပြပေးပါ။ ကူညီပါ့မယ်။ ဝိုင်းဝန်းလုပ်ပါ့မယ်။ ကျွန်တော်ကိုယ်တိုင်၊ လူငယ်တွေကအစ၊ လုကြီးတွေအစ ဝိုင်းဝန်းပြီးတော့ ကူညီသွားမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အခြေခံအကျဆုံးပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့အခြေခံအကျဆုံး တိုင်းပြည် တည်ဆောက်ရေးမှာ အခြေခံအကျဆုံးလို့ ကျွန်တော်တို့ ယုံကြည်တယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူထုပါဝင်လာရေးနှင့် အရပ်သားအပစ်အခတ် ရပ်စဲရေး စောင့်ကြည့် လေ့လာရေး လုပ်ငန်းများတွင် ပါဝင်ပံ့ပိုးနေသည့် ကယားတိုင်းရင်းသား ခူးပလုရယ်

 

မြန်မာနိုင်ငံရဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းလို့ ပြောတဲ့အခါ ကျွန်တော်ဉာဏ်မီသလောက် လမ်းကြောင်းတစ်ခုကို စဉ်းစားမိပါတယ်။ ဒီမိုကရေစီလမ်းကြောင်းဖြစ်ပြီး ကျန်တာတစ်ခုကတော့ ငြိမ်းချမ်းရေးလမ်းကြောင်း ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းလို့ ပြောတဲ့အခါ အခုအစိုးရ လက်ထက် မှာတော့ ပွင့်လင်းမြင်သာမှု ရှိပြီးတော့မှ ငြိမ်းချမ်းရေးဖြစ်စဉ်မှာဆိုရင်လည်း အားလုံး ပါဝင်နိုင်အောင် နောက်ဖက်ဒရယ်ဆိုတဲ့ကိစ္စတွေလည်း သေချာပွင့်လင်းမြင်သာမှုတွေနဲ့ ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာတာ အားရစရာ အင်မတန်မှကောင်းပါတယ်။ မျှော်လင့်စရာ အများကြီးရှိပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီစံနှုန်းစံထားလို့ ပြောတဲ့အခါ သာမန်ပြည်သူ တစ်ယောက်အနေနဲ့ ဘယ်လောက်ထိ တိုးတက် အောင်မြင်နေပြီလဲလို့ မတိုင်းတာတတ်ပါဘူး။ တိုင်းတာဖို့လည်း ခက်နေပါတယ်။ သာမန်ပြည်သူတွေ အနေနဲ့ များသောအားဖြင့် ဒီလိုစံနှုန်းစံထားတွေ တိုင်းတာတဲ့အခါ ပြည်နယ်အစိုးရ (သို့မဟုတ်) တိုင်းဒေသကြီး အစိုးရတွေက ဘယ်လောက်ထိ လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်ရှိသလဲဆိုတဲ့ အနေအထားမျိုး ကိုလည်း သုံးသပ်ကြတာမျိုးလည်း ကျွန်တော်တို့ အများကြီးတွေ့ရမှာ ဖြစ်ပါတယ်။

 

နောက်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုကြည့်တဲ့အခါ ကျွန်တော်တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကလည်း အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွေကို အဆင့်ဆင့်ပြုလုပ် ပြီးတော့မှ အားလုံးမျှော်လင့်တောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ ဆိုတဲ့ လမ်းကြောင်းကိုလည်း သွားတဲ့နေရာမှာ ဒီ NCA ကလည်း တကယ့်အခြေခံအုတ်မြစ် ရည်ရွယ်ချက် တစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုလည်း မှတ်သားရတယ်ပေါ့လေ။ သို့သော် တစ်ဖက်မှာလည်း NCA လမ်းကြောင်း ကိုသွားဖို့ အတူတကွသွားဖို့ ပြောတဲ့နေရာမှာ တချို့လည်း အမြင်တွေကွဲတာမျိုးရှိတယ်။ အခုဆိုရင်လည်း NCA ကို လက်မှတ်ထိုးပြီးတော့ အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲကို စတင်ခြေလှမ်း လှမ်းနေတဲ့သူတွေရှိသလို တချို့ကလည်း NCA မှာ ပြင်ဆင်၊ ဖြည့်စွက်မှုတွေ လိုသေးတယ်ဆိုပြီးတော့ ပါဝင်ဖို့ ဆက်လက်ဆွေးနွေးနေဆဲ အနေအထားမျိုးလည်း တွေ့နေရပါတယ်။ ပြည်သူလူထုကနေ ပြန်ကြည့်တဲ့အခါကျတော့ NCA ကို သဘောပေါက်နားလည်ဖို့လည်း ပြန်ပြီးတော့ ကြိုးစားနေရတဲ့ အနေအထားမှာ တွေ့မိတာက ဒီမိုကရေစီလမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားတဲ့ နေရာမှာ အခက်အခဲလေးတွေရှိနေတယ်ဆိုတဲ့ဟာက မတူကွဲပြားတဲ့ အလွှာအသီးသီးက လူတွေရဲ့ အမြဲတမ်း ကောက်ချက်ချတာတစ်ခုက အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ဖြည့်စွက် သင့်တာတွေရှိရင် ပြင်ဆင်ဖြည့်စွက်လို့ လိုမလားဆိုတဲ့အချက်ကိုလည်း ပြောကြဆိုကြ တစိုက်မတ်မတ် ကောက်ချက် ပေးတာမျိုးလည်း သတိထားမိပါတယ်။

 

အချုပ်အားဖြင့် ဒီမိုကရေစီလမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးကလည်း ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့သွားတဲ့ နေရာမှာ ဘယ်လောက်ထိ Inpect ရှိနိုင်မလဲ၊ ဘယ်လောက်ထိ ဒါကိုလုပ်ဖို့ လိုဦးမလဲဆိုတာ ဒီဟာလည်း အခရာကျတယ်လို့ အလျဉ်းသင့်လို့ ဆွေးနွေးလိုပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးနှင့် လူထုပူးပေါင်းပါဝင်လာရေး ဆောင်ရွက်သည့် မွန်-ကရင်-ဗမာ တိုင်းရင်းသူ ဒေါ်သန္တာဦး

 

ကျွန်မက တောင်ကြီးကနေလာတဲ့အတွက် ရှမ်းပြည်နယ်မှာရှိတဲ့အတွက် ရှမ်းပြည်နယ်မှာ မတူကွဲပြားမှု တွေ အင်မတန်များပြားတယ်။ ဒါကြောင့် အခုလက်ရှိလုပ်နေတဲ့ အမျိုးသားအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ရှိရင် ပြန်ပြီးတော့မှ အဲဒီဆွေးနွေးပွဲကိစ္စတွေနဲ့ပတ်သက်ပြီးအပြင် အားလုံး ပါဝင်နိုင်ဖို့ဆိုတဲ့မူဘောင်အတွက် ပြန်ပြီးတော့သုံးသပ်ဖို့လိုလာမယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးမှာ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့်၊ လူမျိုးအလိုက် အားလုံးပါဝင် လုပ်ဆောင် နိုင်ပြီးတော့မှ အားလုံးကွဲပြားတဲ့ အချက်အလက်တွေကို တင်သွင်းနိုင်တဲ့ အတွက် အားလုံးပါဝင်နိုင်တယ်လို့ ယူဆလို့ရပေမယ့် ဒေသအဆင့်မှာ၊ ပြည်နယ်အဆင့်မှာ ဒါတွေအားလုံးချုပ်ပြီးတော့မှ အားလုံး ဘုံ သဘောတူညီချက်ကို မရှာထုတ်နိုင်ဘူးဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ပင်လုံ ညီလာခံကို ဆွေးနွေးတဲ့အချိန်မှာ ပြန့်ကျဲနေတဲ့ အကြောင်းအရာ တွေကို ပြန်ပြီးတော့ မစုစည်းနိုင်တဲ့ အနေအထားမျိုး ဖြစ်တဲ့ အချိန်မှာ ဆွေးနွေးမှုကို အဟန့်အတား ဖြစ်စေတယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး အခု အနေအထားဆိုရင် လူနည်းစုအခွင့်အရေးတွေ၊ လူနည်းစုတွေ ပါဝင်ဖို့အတွက်ကလည်း လမ်းစ ပျောက်နေတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် ဒါတွေကို ပြန်လည်ဆွေးနွေးဖို့လိုမယ်ဆိုတာ ပြန်လည် သုံးသပ် စေချင်ပါတယ်။

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ လုပ်ငန်းစဉ် များတွင် ပညာရှင်အဖြစ်ပါဝင်ပံ့ပိုးနေသည့် ကချင်တိုင်းရင်းသူ ဒေါ်လရှမ်းဆိုင်းပန်

 

ထောက်ခံချက် နှစ်ချက်နဲ့ ဆွေးနွေးဖို့ သုံးချက် ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့လည်း အတိုချုပ်အားဖြင့် ဆွေးနွေးဖို့ နံပါတ်(၁)အချက်ကိုပဲ အရင်ဆုံးသွားလိုက်ပါမယ်။ NCA လို့ ပြောတဲ့အခါမှာ UPDJC ဘက်က လုပ်ဆောင်နေတဲ့ဟာတွေလည်း အများကြီးရှိသလိုမျိုး JMC ဘက်ကလည်း လုပ်ဆောင် နေတာတွေ ရှိပါတယ်။ ဒီနှစ်ခုရဲ့ လုပ်ဆောင်ချက်တွေဟာ ဟန်ချက် ညီညီ လုပ်နေပေမယ့်လည်း တစ်ခါတလေကျရင် အလယ်ဗဟိုမှာဆုံပြီးတော့မှ ဖြေရှင်းရမယ့်ပြဿနာတွေဟာ ဘယ်မှာသွားတွေ့နေရသလဲဆိုတော့ NCA ရဲ့ အခန်း(၆)ဒီကြားကာလ အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်သေးမှု မရှိသေးတဲ့အခါ မလိုလားတဲ့ ထိတွေ့မှုတွေ၊ မလိုလားအပ်တဲ့ တစ်ယောက်နဲ့တစ်ယောက် အထင်လွဲမှားမှုတွေ ဖြစ်နေတယ် ဟာကို လက်တွေ့ကြုံတွေ့ရမှုအပေါ်မှာ အခြေခံပြီးတော့ ပြောပြချင်ပါတယ်။ ဥပမာအားဖြင့် အခုဆိုရင် မွန်၊ ကရင်၊ တနင်္သာရီဘက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သလို သူဟာလည်း သူ့ရဲ့ ဒေသအတွင်းမှာ အစိုးရငယ်ဖြစ်တဲ့အတွက် သူ့မှာ ပညာရေးဌာန ရှိတယ်။ ကျန်းမာရေး ဌာနရှိတယ် အစရှိသဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဌာနတွေရှိပါတယ်။ ဒီလိုမျိုးဝန်ဆောင်မှု ပေးနေတဲ့ဌာနတွေနဲ့ ဒီဘက်က နိုင်ငံတော်အစိုးရရဲ့ ဝန်ဆောင်မှု ဌာနတွေနဲ့ ပေါင်းစပ်မှု၊ ညှိနှိုင်းမှုမရှိသေးခင်ကာလမှာ ဥပမာအားဖြင့် အစိုးရထိန်းချုပ်ဒေသ၊ KNU ထိန်းချုပ်ဒေသ၊ အဓိကအားဖြင့် ကရင်ဘာသာနဲ့ သင်ကြားနေတဲ့ကျောင်းတွေမှာ အလံတိုင်မှာ ဘယ်အလံတိုင်ကို လွှင့်မလဲဆိုတဲ့ဟာကနေပြီးတော့မှ အဲဒီလိုမျိုးသေးငယ်တဲ့ အရာကနေပြီးတော့ တစ်ခါတလေကျရင် ထိတွေ့မှုတွေဖြစ်လာတဲ့အခါ လက်တွေ့အားဖြင့် မြင်မိ တာကတော့ ဒီ NCA မှာ အားလုံးအားဖြင့် အကောင်အထည်ဖော်မှုတွေကတော့ ဟန်ချက်ညီညီသွားနေပါပြီ။ သို့သော်လည်း ကြားကာလအစီအစဉ် အခန်း(၆) ကို ပြန်ပြီးတော့မှ အသက်သွင်းဖို့အတွက် အကျယ်တဝင့် လုပ်ဆောင်မယ်ဆိုရင် ပိုပြီးဟန်ချက်ညီသော တခြားသော ဖြစ်စဉ်တွေနဲ့ ချိတ်ဆက်၍ရတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်တဲ့အကြောင်းကို အတိုချုပ်ဆွေးနွေးချင်ပါတယ်။

 

လောလောဆယ် လက်တွေ့အနေနဲ့ ကျွန်မတာဝန်ယူလုပ်ဆောင်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အလုပ်အဖွဲ့မှာဆိုရင် ခုနက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ပြောဆိုသွားတဲ့ ပြည်သူတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့လိုမယ်ဆိုတဲ့ဟာကိုလည်းပဲ တွေ့ရှိရ ပါတယ်။ ဥပမာအားဖြင့် ဒီ JMC မှာဆိုရင် ဘက် သုံးဖက်ပါတဲ့ ဆွေးနွေးဖက်ရှိပါတယ်။ တစ်ဖက်ကတော့ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ရှိပါတယ်။ တစ်ဖွဲ့ကတော့ နိုင်ငံတော်အစိုးရရဲ့ စစ်တပ်ရှိပြီးတော့ နောက်တစ်ဖက်ကတော့ အရပ်သားကိုယ်စားလှယ်ပေါ့။ တစ်ခါတလေကျရင် ကျွန်မအနေနဲ့ စိုးရိမ်မိပါတယ်။ လက်နက်ရှိတဲ့ အဖွဲ့နှစ်ဖွဲ့ရဲ့အလယ်မှာ လက်နက်မရှိတဲ့ အရပ်သားကိုယ်စားလှယ်တွေရဲ့ အနေအထားဟာ ဘယ်လိုဖြစ်မလဲ ဆိုပြီးတော့ သူတို့ရဲ့နေရာမှာလည်း ဝင်ပြီးတော့ ခံစားကြည့်ပါတယ်။ ဒါပေမဲ့ အရပ်သား ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍနဲ့ သူတို့ရဲ့ ပါဝင်မှုဟာ JMC မှာ အဖိုးမဖြတ်နိုင်တဲ့ ကဏ္ဍတစ်ခုဖြစ်သလိုမျိုး ဒီအရပ်သား ကိုယ်စားလှယ်တွေဟာလည်း ပြည်သူလူထုရဲ့ ပေါင်းကူး တံတား ဖြစ်တယ်၊ ပြည်သူလူထုရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို စားပွဲပေါ်တင်ပြီး အရင်တုန်းက နိုင်ငံရေးဓလေ့အသစ်ဖြစ်တဲ့ လက်နက်နဲ့အချင်းချင်းရှင်းကြတဲ့ဟာ မျိုးမဟုတ်ဘဲ စားပွဲပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အခြေအတင် အသေးစိတ် ဆွေးနွေးညှိနှိုင်းတဲ့ သဘောထားတွေကို အဲဒီအရသာတွေကို အရပ်သားကိုယ်စားလှယ်တွေက အများကြီး သယ်ဆောင် လာပေးတဲ့ဟာကို တွေ့ရှိရတဲ့အတွက် ပြည်သူလူထုရဲ့အခန်းကဏ္ဍ မြှင့်တင်ပေးဖို့ ဆိုတဲ့ဟာမှာလည်း ဒီ JMC မှာပါဝင်တဲ့ အရပ်သားကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့လိုမယ်။ ဥပမာအားဖြင့် ဒီအရေအတွက်တွေကို ဘက် သုံးဘက် ညီညီမျှမျှ ၁၀၊ ၁၀၊ ၁၀၊ ၈၊ ၈၊ ၈၊ အစရှိသဖြင့် လုပ်နိုင်မယ်ဆိုလို့ရှိရင် ကောင်းလိမ့်မယ်ဆိုပြီး ကျွန်မအနေနဲ့ တစ်ဦးတည်းအမြင်ကို စဉ်းစားထားတာ လေးတွေရှိပါတယ်။ အဲဒီအပေါ်မှာလည်း ကျန်ရှိသေးတဲ့ ဆွေးနွေးဖော်ဆွေးနွေးဖက် တွေနဲ့ တိုက်ရိုက် ကြည့်ရှုနေကြတဲ့ မိဘပြည်သူတွေရဲ့ အကြံဉာဏ်တွေကိုလည်း နားထောင် ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတာကို ကျွန်မတို့ အထူးသဘောကျပါတယ်။ အထူးသဖြင့် ခုနကလိုမျိုး အလံတိုင်နဲ့ပတ်သက်တဲ့ ဆိုင်ရာဥပဒေအစရှိတဲ့ ဟာတွေကို အခုလိုမျိုးလက်မှတ် စပြီးတော့ လက်မှတ်ထိုးထားပြီးသား ဒေသတွေမှာ ဒီအသေးစိတ်ဆိုင်ရာအချက်အလက်တွေကို ကြားကာလ အစီအစဉ်တွေ ရဲ့ NCA ရဲ့ အခန်း(၆)ကို ပြန်ပြီးတော့မှ အသက်သွင်းပြီး လုပ်ကိုင်မယ် ဆိုရင်တော့ လွှတ်တော်ထဲအထိ ရောက်လာမယ်။ အစရှိတဲ့ဆွေးနွေးမှုတွေဖြစ်ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ပိုပြီးတော့မှ ပြီးပြည့်စုံပါမယ်။

 

မူးယစ်ဆေးဝါး ဆန့်ကျင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်နေသည့် ရှမ်းတိုင်းရင်းသူ နန်းမိုမိုသီတာ

 

တကယ်တော့ ဒီနေ့အခမ်းအနားဟာ နှစ်ပေါင်း(၇၀)အတွင်းမှာ ပင်လုံမြို့မှာ ပြန်လာပြီးတော့မှ ပင်လုံစာချုပ် လက်မှတ်ထိုးတဲ့ မိသားစုတွေနဲ့ တွေ့တယ်။ တိုင်းရင်းသား ၁၂ ဦးနဲ့ Peace Talk လုပ်တယ်ဆိုတာကလည်း တကယ်တမ်း ပြောရရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ ဒီအရပ်ဘက်ထဲမှာဖြစ်နေတာက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဒီ NCA နဲ့ ပင်လုံညီလာခံတွေကြောင့် တော်တော်ကျယ်ကျယ်ပြန့်ပြန့် သိပါတယ်။ ဒါပေမဲ့ ဘယ်လိုအပြုအမူတွေက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဆောင်ရွက်ပေးရင်ဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့လုပ်ငန်းမျိုးဖြစ်မှာလဲ၊ ဘယ်လိုမျိုး ကျွန်မတို့ဘက်က ပူးပေါင်းပါဝင်လို့ ရသလဲဆိုတာကို အကြံအဉာဏ်များပေးစေလိုပါတယ်ရှင်။

 

တောင်သူလယ်သမားဘ၀ ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် ဗမာတိုင်းရင်းသား ဦးကျော်ထက်

 

ကျွန်တော်က လယ်သမားတစ်ယောက်ပါ။ လယ်သမားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အသင်းကို တည်ထောင်ပြီးတော့ လယ်သမားဘ၀တွေ ဘာတွေဖြစ်နေလို့ ဒီလောက်နိမ့်ကျနေတာလဲဆိုတာ အတိုချုပ်ပေါ့နော်။ လယ်သမားတွေ ကိုယ့်ဒေသ၊ ကိုယ့်ရေမြေ၊ ကိုယ့်ဟာကိုယ် အဲဒါတွေအကုန်လုံးဟာ ဘာတွေနဲ့ ခြယ်လှယ်ခံရလဲ၊ ဘာကြောင့်အသုံးချခံရလဲ၊ ဘာကြောင့်တရားမမျှတတဲ့ ဥပဒေတွေက ကျွန်တော်တို့တစ်တွေကို အတင်းဖိစီးထားတယ်၊ အတင်းထိန်းချုပ်ထားတယ်ဆိုတော့ ကျွန်တော်တို့ ဘ၀တွေလည်း မငြိမ်းချမ်းဘူး၊ ဘယ်လိုမှ ငြိမ်းချမ်းအောင်လုပ်လို့မရဘူး။ အဲဒီတော့ ဒီပင်လုံ ညီလာခံကြီးကနေပြီးတော့ ဘုံသဘောတူညီချက်လို့ ကျွန်တော်ကတော့ နားလည်တဲ့ ဥပဒေ၊ မျှတတဲ့ဥပဒေ ဆိုတာမျိုးကြီး ပေါ်ပေါက်လာမယ်ဆိုရင် စောစောက လယ်သမားဘ၀တွေလည်း ဖွံ့ဖြိုးမယ်။ ပြည်သူတွေလည်း ဖွံ့ဖြိုးမယ်၊ တိုင်းရင်းသားတွေလည်း ဖွံ့ဖြိုးမယ်၊ နိုင်ငံတော်ကြီးလည်း တည်ငြိမ်မယ်၊ အေးချမ်းမယ်၊ လုံခြုံရမယ်၊ စိတ်ချရမယ်ဆိုတဲ့ ဘောင်တစ်ခုကိုတော့ရမယ်လို့ မျှော်လည်း မျှော်လင့်တယ်။ ဖြစ်လည်းဖြစ်မှာလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခက်နေတာက ငြိမ်းချမ်းတဲ့၊ တရားမျှတတဲ့ ဥပဒေကြီးပေါ်ပေါက်လာဖို့ ဒီနေ့ပင်လုံညီလာခံကျင်းပတဲ့နေရာကို အခု NCA လက်မှတ်ရေးထိုးတဲ့သူတွေ၊ ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့သူတွေ ဒီနေ့ဥပဒေကို မကျေနပ်လို့ဘဲဖြစ်ဖြစ်၊ အကြောင်းအရာကို မခံချင်လို့ဘဲဖြစ်ဖြစ် ပုဂ္ဂိုလ်တွေ ဒီညီလာခံကို ဝင်ရောက်ပါဝင်ပြီးတော့ မျှတတဲ့၊ ညီညွတ်မယ့်၊ တန်းတူဖြစ်မယ့် အခွင့်အရေးတွေ၊ ဥပဒေတွေကို ရေးဆွဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ တောင်းလည်း တောင်းပန်ပါတယ်။ လယ်သမား ဘဝမှာ ဆိုရင်လည်း မြေတွေသိမ်းသွားပြန်ပြီ၊ တော်ကြာ ကျွန်တော်တို့ ဒေသတွေမှာရှိနေတဲ့ သယံဇာတတွေကို အလကားနီးနီးယူသွားတဲ့ ဥပဒေတွေကလည်း ရှိနေတဲ့အခါကျတော့ ဒါတိုင်းရင်းသားတွေမှာ ဒါတွေကိုလည်း မခံချင်ဘူး။ ပြန်လည်ပြုပြင်ဖို့လည်း အလွန်ခက်ပါတယ်။ အဲဒီတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ယနေ့ကျင်းပတဲ့ (၂၁)ရာစုပင်လုံညီလာခံ ကြီးကနေ ထွက်ပေါ်လာမယ့် မျှတတဲ့၊ ညီညွတ်တဲ့ ဥပဒေပေါ်ပေါက်လာဖို့အရေး အခု ကျွန်တော်တို့ထက် တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေ ဝိုင်းဝန်းကူညီဖြေရှင်းပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

Related Articles